ဟိုပုံး မြို့နယ် မိုင်းပျဉ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးပညာဝံသ၊ ဟဲခဲကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးကုသလ အပါအ၀င် သံဃာတော် ၄ ပါးတို့သည် ဂေါပက ဥက္ကဌ ဦးလုံးကျောက်ထွန်း တို့နှင့် အတူ ၂၀၁၃ ခုနှစ် မေလ ၂၂ ရက်နေ့ ညနေပိုင်း၌ တောင်ကြီးမြို့၊ ကန်အောက် ရပ်ကွက် ရှိ RCSS/SSA အဖွဲ့မှ ဒုမှူးကြီး အဆင့်ရှိ စိုင်းအွန်ခေးနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံရာ ၌ ဆရာတော်များက ယခုရက်ပိုင်းအတွင်း အစိုးရတပ်နှင့် SSA(ရွက်ဆစ်) အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားကြကြောင်း၊ ဟဲဝဲကျေးရွာ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် SSA တို့ကြောင့် အရပ်သား (၁) ဦး သေဆုံး ရ ကြောင်း၊ တပ်မတော် စစ်ကြောင်းမှ ပစ္စည်းများအား တန်ရာတန်ကြေး ပေး၍ ၀ယ်သော်လည်း SSA အဖွဲ့မှ ဆက်ကြေးကောက်ခြင်း၊ အတင်းအဓမ္မတောင်းယူခြင်းတို့ကို လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် SSA အဖွဲ့သည် ရှမ်းလူထုအတွက် ကောင်းကျိုးမဖြစ်ပဲ အရှုပ်သာ ဖြစ်နေကြောင်း မိန့်ကြားခဲ့သည်။
ဆက်လက်၍ အဆိုပါ တိုက်ပွဲဖြစ်သည့် နေ့တွင်လည်း SSA(ရွက်ဆစ်) အဖွဲ့မှ ၄ ဦးသည် တပ်မတော် စစ်ကြောင်းများ ရွာတွင်း ရှိသည်ကို သိ၍ အရပ်ဝတ်ဖြင့် လာရောက်ပြီး ပစ်ခတ်သည့် အတွက် ရွာအနေဖြင့် မကောင်းကြောင်း၊ တပ်မတော် စစ်ကြောင်း ခေါင်းဆောင်မှ မိမိတို့ တပ်မတော် အနေဖြင့် ပေးဆပ်သွားမည်သာ ဖြစ်ပြီး ပြည်သူကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေကြောင်း ပြောဆို၍ မိမိတို့ မျက်နှာပူရကြောင်း၊ ထိုအချိန်တွင် SSA (ရွက်ဆစ်) အဖွဲ့မှ ငါတို့ရွာ၊ ငါတို့မြို့၊ ငါတို့အမျိုး မဟုတ်ဘူး ပစ်သာပစ် ဟု ပြောသွားသဖြင့် ပိုပြီး စိတ်မကောင်း ဖြစ်ရကြောင်း၊ရှမ်းလူမျိုး ဖြစ်ပါက ရှမ်းပြည်နယ် အတွင်းရှိ ကျေးရွာများသည် မိမိတို့ အမျိုးသာ ဖြစ်ကြောင်း တို့ ကို မိန့်ကြားခဲ့သည်။
ဆရာတော်များ၏ မိန့်ကြားချက်နှင့် ပတ်သက်၍ RCSS/SSA အဖွဲ့မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းအွန်ခေးမှ ဆရာတော်များအား ဗဟိုကိုယ်စား တောင်းပန်ပါကြောင်း၊ တောထဲတွင် တိုက်ရဲမှ ဗိုလ်ဖြစ်သောကြောင့် အချို့သော အောက်ခြေ အဖွဲ့များ သည် မှားယွင်းစွာဖြင့် ဆက်လက်လုပ်ဆောင်နေသည်ဟု ယူဆကြောင်း၊ ဗဟိုသို့ တင်ပြ၍ အရေးယူ သွားမည် ဖြစ်ကြောင်း တို့ကို ပြန်လည် ပြောကြားခဲ့သည်။
ဆရာတော်များမှ နောင်တွင် SSA(ရွက်ဆစ် ) အဖွဲ့အနေဖြင့် တပ်မတော် စစ်ကြောင်းများ ရှိပါက ရွာတွင်းသို့ ၀င်ရောက်ခြင်း မပြုလုပ်ရန်၊ လာလျှင်လည်း ယူနီဖောင်းဖြင့်သာ လာရန်၊ အရပ်ဝတ်ဖြင့် လာခြင်းကို လုံးဝ မလုပ်ရန်၊ မိမိတို့ ကျေးရွာ ပတ်ဝန်းကျင်၌ လုံးဝ ပစ်ခတ်မှု မပြုလုပ်ဘဲ ကျေးရွာနှင့် ဝေးရာ တောတွင်း၌သာ ပစ်ခတ်ကြရန် တို့ကို မိန့်ကြားကာ မိမိတို့အနေဖြင့် ဒေသခံ ပြည်သူကို ဦးစားပေးသူကိုသာ ထောက်ခံသွားမည် ဖြစ်ကြောင်း အဆုံးစွန် မိန့်ကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ကွပ်ကဲမှု ဌာနချုပ် တစ်ခုသို့ မေးမြန်းရာ ရှမ်းပြည်နယ် အတွင်းရှိ မိမိ တို့ တပ်မတော်အဖွဲ့များအား ငြိမ်းချမ်းရေး ဆွေးနွေးစဉ်အတွင်း ထိတွေ့မှုများ ရှောင်ရှားရန် မှာကြား ထားပြီး ဖြစ်ကြောင်း၊ နေ့စဉ် စက်အဆက်အသွယ် ရှိသဖြင့် စစ်ကြောင်းများ အားလုံး သိရှိပြီး ဖြစ်ကြောင်း၊ ယနေ့ ဖြစ်နေသော တိုက်ပွဲ အများစုမှာ အပစ်ရပ်ကို အကြောင်းပြ၍ စစ်ရေး အမြတ်ထုတ်လိုသည့် လက်နက်ကိုင်များ ကြောင့်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
=====================================
( တပ်မတော် စစ်ပွဲ သတင်းများ သိလိုပါက သက်ဆိုင်ရာ တိုင်း၊ တပ်မ၊ ဌာနချုပ်များသို့ အဆင့်ဆင့် သတင်း ပို့၍ မေးမြန်းပါ။ သတင်းထောက် သတင်းသမားသည် သတင်းကို မေးမြန်းရန် တာဝန်ရှိသကဲ့သို့ ဖြေခြင်း မဖြေခြင်းမှာလည်း ပြည်သူ၏ အခွင့်အရေး ဖြစ်သည်။ မေးသည်ကို မဖြေ၍ ထင်ရာရေးသည် ဆိုလျှင်တော့ စတုတ္တမဏ္ဍိုင် မဟုတ်တော့ပေ။ )
Ref: >>>Opposite Eye