၁။ သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ နည်းပညာ တက္ကသိုလ်၊ ကောလိပ်၊ သိပံ္ပ၊ ကျောင်းများနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ ပညာရည်မြင့်မားရေး ညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ ၀န်ကြီးရုံးတွင် ကျင်းပ ခဲ့ကြောင်းကို ၁၂-၈-၂-၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက် အရသိရှိရပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေးနည်း ပညာတက္ကသိုလ်၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်နှင့် မန္တလေး
ကွန်ပျူတာတက္ကသိုလ်တို့ကို အဆင့်မြင့် နည်းပညာတက္ကသိုလ်နှင့် အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်များ (Centre of Excellence) များအဖြစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖတ်ရှုလိုက်ရသဖြင့် ယခုဆောင်းပါးကို ရေးသားရခြင်းဖြစ်သည်။

ယခုဆောင်းပါးတွင် အဆိုပါ အဆင့်မြင့် တက္ကသိုလ်များ ဖွင့်လှစ်ပါက ဖြစ်နိုင်ခြေရှိမှုနှင့် လုပ်ငန်း လိုအပ်ချက်များကို တင်ပြသွားမည် ဖြစ်ပါသည်။
နောက်ခံအကြောင်းအရင်း
၂။ သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာနကို ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုနှစ်တွင်ပင် စက်မှုတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊
စက်မှုလက်မှု သိပ္ပံများကို အဆိုပါဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် ဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန်မှစတင်၍ တက္ကသိုလ်များ၊
ကောလိပ်များ ချဲ့ထွင် တည်ဆောက်ခဲ့ရာ ယခုအခါ သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာနလက်အောက်တွင် နည်းပညာတက္ကသိုလ် ၃၃ ခု၊
ကွန်ပျူတာတ္ကသိုလ် ၂၅ ခု၊ နည်းပညာကောလိပ်နှင့် စက်မှုလက်မှုသိပ္ပံများဖြင့် ပညာရေးဝန်ကြီးဌာနပြီးလျှင် ဒုတိယမြောက် တက္ကသိုလ်
ကောလိပ် အများဆုံး ၀န်ကြီးဌာနပင်ဖြစ်နေပြီဖြစ်ပါသည်။
သို့သော်လည်း ဖွင့်လှစ်ခဲ့သော တက္ကသိုလ်များမှာ အရည်အချင်းထက် အရေအတွက်များကိုသာ မွေးထုတ်ပေးနိုင်ခဲ့သဖြင့် ပြုပြင် ပြောင်းလဲရန် လိုအပ်လာခြင်းပင်ဖြစ်ပါသည်။ ယခုကဲ့သို့ အဆင့်မြင့်တက္ကသိုလ်များ (Centreof Execllence) များ တည်ထောင်ခြင်း သည်ပင် ယခင် စစ်အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့သော နည်းပညာတက္ကသိုလ်များ၊ ကွန်တာတက္ကသိုလ်များသည် အဆင့် မမီခဲ့ကြောင်းကို ၀န်ခံလိုက်ခြင်းပင် ဖြစ်ပေသည်။

၃။ ထိုကဲ့သို့ဖြစ်ရသည်မှာလည်း ထိုအချိန်က အစိုးရအနေဖြင့် စဉ်းစားဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေးဒေသကြီး ၂၄ ခုတွင် နည်းပညာ
တက္ကသိုလ်တစ်ခု၊ ကွန်ပျူတာ တက္ကသိုလ်တစ်ခု၊ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်တစ်ခု ရှိစေရမည်ဟူသော မူအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ Single Point of View တစ်ခုတည်းမှ စဉ်းစားခဲ့ခြင်းဖြစ်သဖြင့် အရည်အသွေးပိုင်းဆိုင်ရာ ချွတ်ယွင်း အားနည်းချက်များ ဖြစ်ပေါ်ခဲ့ ရခြင်းဖြစ်ပေသည်။ ထို့အပြင် တက္ကသိုလ်များအား မလိုအပ်ပဲ မြို့ပြင်သို့ ထုတ်ခဲ့ခြင်းကလည်း မလိုလားအပ်သော နောက်ဆက်တွဲ ပြသနာများစွာကို ဖြစ်ပေါ်စေခဲ့သည်ကို အားလုံး သိရှိပြီး ဖြစ်ပေသည်။ ထို့ပြင် တက္ကသိုလ်များကိုလည်း သွားရေးလာရေး လွယ်ကူမှု မရှိသော နေရာများသို့ ပို့ထားပြီး သွားလာ ဆက်သွယ်ရေးကို အဆင်ပြေအောင် ဖန်တီး မပေးနိုင်ခြင်းကလည်း အရည်အသွေး ကျဆင်းရခြင်း၏ အကြောင်းအရင်း တစ်ရပ်ပင်ဖြစ်ပေသည်။

တက္ကသိုလ်များ၏ တည်နေရာနှင့် အရင်းအမြစ်များ
၎။ လက်ရှိ အဆင့်မြင့်တက္ကသိုလ်များ (Centre of Execllence) များအဖြစ် တည်ထောင်ဖွင့်လှစ်မည့် တက္ကသိုလ်များ၏ အောင်မြင်နိုင်မှု အလားအလာကို အဆိုပါ တက္ကသိုလ်များ၏ တည်နေရာ၊ အဆောက်အအုံများ၊ လမ်းပန်းဆက်သွယ်ရေး ဖြည့်ဆည်း ပေးနိုင်မှု၊ အခြား လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်မှုတို့အပေါ် အခြေခံ၍ စဉ်းစားကြည့်မည် ဖြစ်ပါသည်။
(က) ရန်ကုန်နည်းပညာ တက္ကသိုလ် ရန်ကုန်နည်းပညာ တက္ကသိုလ်သည် တစ်ချိန်က နာမည်ကျော် ရန်ကုန်စက်မှုတက္ကသိုလ် နေရာတွင် ဖွင့်လှစ်မည်ဖြစ်ခြင်း၊ အဆောက်အဦများ ပြည့်စုံလုံလောက်စွာ ရှိပြီးဖြစ်ခြင်း၊ အရည်အချင်း ပြည့်ဝသော ဆရာဟောင်းများက ပြန်လည် ကူညီနိုင်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက်လည်း နေထိုင်စရာ အဆောင်များ ရှိပြီးဖြစ်ခြင်းတို့ကြောင့် အောင်မြင်အောင် ဆောင်ရွက်ရန် အလားအလာကောင်းများစွာ ရှိနေသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် Capus Life Structure ကိုပေးနိုင်ရန် အလွန် ကောင်းသော အနေအထားလည်းဖြစ်ပါသည်။ သင်ကြားရေး စွမ်းအားဖြစ်သော ဆရာ၊ဆရာမများလည်း ပြည့်စုံသော အနေအထား
တစ်ခုတွင် တည်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ သက်ဆိုင်ရာ ဌာနအသီးသီးတွင် ဖွဲ့စည်းပုံ အင်အားပြည့် ဖြည့်တင်းနိုင်သော
အနေအထားတွင် ရှိနေပါသည်။

(ခ) ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်အနေဖြင့် ယခုလက်ရှိနေရာတွင် အဆင့်မြင့်တက္ကသိုလ် (Centre of
Execllence) အဖြစ် ဆောင်ရွက်မည်ဆိုပါက ဖြစ်နိုင်ခြေ နည်းနေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော တည်နေရာ အနေအထား၊
အခြေခံအဆောက်အဦလိုအပ်ချက်၊ လမ်းပန်းဆက်သွယ်ရေးတို့သည် အဓိက ပြသနာပင်ဖြစ်ပေသည်။ ယခုလက်ရှိအနေအထားအရ
စာသင်ဆောင်များနှင့် အောက်ခြေ၀န်ထမ်းများအတွက် ထရံကာသွပ်မိုးနေထိုင်ရာ တန်းလျားသာ ရှိနေသေးသည်ဖြစ်ရာ ရုံးဝန်ထမ်းများ၊
သင်ကြားရေးဝန်ထမ်းများ နေထိုင်ရန် ၀န်ထမ်းအိမ်ရာများ၊ ကျောင်းသားကျောင်းသူများအတွက် အဆောင်များ ဆောက်လုပ်ရန်
လိုအပ် နေဦးမည်ဖြစ်သည်။ Capus Life Structure ကို ပေးနိုင်ရန် မဖြစ်နိုင်သေးသည်ကို တွေ့ရှိရပေသည်။ ထို့ပြင် သင်ကြားရေး
စွမ်းအားဖြစ်သော ဆရာ၊ဆရာမ အင်အားမှာ ပြည့်စုံသော အနေအထားတွင် မရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ သက်ဆိုင်ရာ
ဌာန အသီးသီးတွင် ဖွဲ့စည်းပုံ အင်အားပြည့် ဖြည့်တင်းနိုင်သော အနေအထားတွင် မရှိကြောင်းတွေ့ရှိရမည်ဖြစ်သည်။

(ဂ) မန္တလေးနည်းပညာတက္ကသိုလ် မန္တလေးနည်းပညာတက္ကသိုလ်သည် တည်နေရာအနေအထားအရ မန္တလေးမြို့နှင့် အလှမ်းဝေးသည့်
နေရာတွင် တည်ရှိနေသော်လည်း အခြေခံအဆောက်အအုံများ မှာမူ ပြည့်စံလုံလောက်မှု ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ Capus Life
Structure ကိုပေးနိုင်ရန် အလွန်ကောင်းသော အနေအထားလည်း ဖြစ်ပါသည်။ သို့ဖြစ်ရာ အောင်မြင်နိုင်သော အနေအထားတွင် ရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။

(ဃ) မန္တလေးကွန်ပျူတာတက္ကသိုလ် မန္တလေးကွန်ပျူတာတက္ကသိုလ်သည် တည်နေရာအလှမ်းဝေးနေသည်။ သို့သော် အဆိုပါ တက္ကသိုလ်သည် အခြေခံ အဆောက်အအုံ အနေအထားမှာ Semi ပြည့်စုံသည်ဟု ဆို၍ ရပေသည်။ ၀န်ထမ်းအိမ်ရာများ သင့်တင့်စွာ တည်ရှိနေပြီး ဖြစ်သဖြင့် ကျောင်းသား၊ကျောင်းသူများအတွက် အဆောင် ဆောက်လုပ်ရန်သာ လိုအပ်မည်ဖြစ်သည်။ သို့သော် သင်ကြားရေး စွမ်းအားဖြစ်သော ဆရာ၊ဆရာမများတွင် ပြည့်စုံမှု မရှိသည်မှာ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ထက်ပင် ဆိုးရွားသည်ကို တွေ့ရပါသည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ရန်ကုန် ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေး ကွန်ပျူတာတက္ကသိုလ် နှစ်ခု ပေါင်းလျှင်ပင် သင်ကြားရေးဌာနများ အမှန် အင်အားပြည့် ဖွဲ့စည်းပုံကို ရရှိနိုင်မည်မဟုတ်သည်ကို တွေ့ရမည်ဖြစ်သည်။ စုစုပေါင်း ပါမောက္ခ အရေအတွက်မှာ ဌာနအင်အား၏ ထက်ဝက်ခန့်သာ ရှိနေသည်ဖြစ်ရာ ပညာရှင် ခါးဆက်ပြတ်နေသည်ကို တွေ့ရပါသည်။
သတိထား ချဉ်းကပ်သင့်သော အချက်များ
၅။ တက္ကသိုလ်များတွင် Capus Life Structure ကို ပေးနိုင်ခြင်း မရှိပါက ကျောင်းသားကျောင်းသူများအနေဖြင့် နံနက် ကျောင်းလာတက်၊ ညနေကျောင်းက ပြန်သော အထက်တန်း ကျောင်းသားဘ၀နှင့် ထူးခြား သာလွန်မှုမရှိသော အခြေအနေကြောင့် တက္ကသိုလ် ကျောင်းသား စိတ်ဓာတ်ကို ရရှိစေရန်ခက်ခဲမည်ဖြစ်သည်။ ထို့ပြင် Campus Life Structure ကို မပေးနိုင်ပါက ကျောင်းသား၊ ကျောင်းသူများအတွက် သွားလာရေးအတွက် အချိန် ကုန်နေမည်မှာလည်း မလိုလားအပ်သော အချိန်ကို ဖြုန်းတီးနေခြင်းပင်ဖြစ်ပေသည်။
၆။ ထို့ပြင် အထူးသတိပြုရန်လိုအပ်သောအချက်မှာ ဤ Centre of Excellence များကို မည်မျှအချိန်ယူ၍ ပြင်ဆင်ခဲ့သနည်း ဆိုသည့်
အချက်ကလည်း မေးခွန်းထုတ်ရန် လိုအပ်နေသည်ကိုတွေ့ရသည်။ ယခု ပညာနှစ်တွင် ဖွင့်လှစ်မည်ကို တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ပြီး တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွင် ပါဝင်နိုင်ခြင်းမရှိပဲ နည်းပညာ တက္ကသိုလ်များဆိုလျှင် နောက်ဆက်တွဲ စာရွက်ဖြင့် ထည့်ရခြင်း၊ ကွန်ပျူတာ တက္ကသိုလ်များဆိုလျှင် စာအုပ်တွင်ပင် ပါဝင်ခြင်းမရှိဘဲ နောက်ဆက်တွဲ လျှောက်လွှာ ခေါ်ယူ ရခြင်းများသည်လည်း အဘယ်ကြောင့်ဖြစ်ရသည်ကို လေ့လာ ဆန်းစစ်ရန် လိုအပ်မည်ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှုမရှိသော အစီအစဉ်အပေါ် လက်ခံ ယုံကြည်ရန်မှာ ခက်ခဲမည် ဖြစ်သည်။

၇။ ထို့ပြင် အဆိုပါ Centre of Excellence တက္ကသိုလ်များတွင် အထူးပြုဘွဲ့များကိုပေးအပ်မည်ကို ဖော်ပြထားချက်များရှိရာ ထိုကဲ့သို့ အထူးပြု ဘွဲ့များပေးအပ်နိုင်ရန် လုံလောက်သော သင်ကြားရေးဝန်ထမ်းအင်အား၊ ပြည့်စုံသောကျွမ်းကျင်မှု၊ ပြည့်စုံကောင်းမွန်သော သင်ထောက်ကူ ပစ္စည်းများနှင့် လက်တွေ့စမ်းသပ်ခန်းများ ရှိမရှိမှာလည်း အထူးမေးမြန်းရန် လိုအပ်နေသည်။ ထိုသို့ မဟုတ်ပဲ လုံလောက်သော အရင်းအမြစ် မရှိပဲဆောင်ရွက်ခြင်းဖြစ်ပါက အကျိုးမဲ့ဖြစ်မည်သာ ဖြစ်သည်။ သင်ကြားရေးဆိုင်ရာ ၀န်ထမ်းများကို အထူးပြုသင်ကြားမည့် ဘာသာရပ် အလိုက် ကျွမ်းကျင်အရည်အချင်း မည်မျှ ရှိသည်ကို မည်ကဲ့သို့ အကဲဖြတ်မည်။ သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားမည့် ပြဋ္ဌာန်းစာအုပ်များ၊ ရည်ညွှန်း စာအုပ်များကို မည်ကဲ့သို့သော စံများဖြင့် ပြုစုခဲ့ကြသည်ကလည်း တက်ရောက်မည့်ကျောင်းသားမိဘများ သိရှိလိုသော အချက်များဖြစ်နေသည်။ ထိုမေးခွန်း၏အဖြေကို တိကျစွာ ပေးနိုင်မည်ဆိုပါက အမှန်တကယ် အရည်အချင်းရှိသော Centre of Excellence တက္ကသိုလ်များဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ ယခု လက်ရှိသင်ကြား ပေးနေသော ဘာသာရပ်ကိုပင် ထိရောက်အောင် သင်ကြား ပေးနိုင်ခြင်းမရှိသေးပဲ အထူးပြုဘာသာရပ်များကို ထပ်မံတိုးချဲ့သင်ကြားမည် ဆိုသည်မှာ လက်တွေ့မည်မျှဖြစ်နိုင်သည် ဆိုသည်ကို စဉ်းစား ဆင်ခြင်ဖွယ်ပင်ဖြစ်ပေသည်။ လက်ရှိ အဆိုပါ တက္ကသိုလ်များသည် အစိုးရ တက္ကသိုလ်များပင်ဖြစ်ရာ အထူးပြုဘာသာရပ် တိုးချဲ့သင်ကြားပါ က လိုအပ်လာမည့် Facility အားလုံးကို ဖြည့်ဆည်းပေးနိုင်မှု ရှိ၊ မရှိ ဆိုသည်မှာလည်း အထူးစဉ်းစားအပ်သော အချက်ဖြစ်သည်။
၈။ ထို့ပြင် အထူးသတိထားချဉ်းကပ်ရန်မှာ ၂၀၁၀ ပြည့်နှစ်တွင် သတင်းအချက်အလက်နည်းပညာဆိုင်ရာ အကောင်းဆုံး တက္ကသိုလ် အဖြစ် ရည်ရွယ်ဖွင့်လှစ်ခဲ့သော နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ၏ လက်ရှိ အဆင့်အတန်း အခြေအနေသည် လည်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက် အကောင်အထည်ဖော်မှု အရည်အချင်းကို မေးခွန်းထုတ်ဖွယ် ဖြစ်နေပေသည်။ အဆိုပါ
နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ပင် ထူးခြားသော အောင်မြင်မှု မရရှိသေးပဲ နောက်ထပ် Centre of Excellence
တက္ကသိုလ်များ တည်ထောင်ဖွင့်လှစ်ခြင်းမှာ အဘယ်ကြောင့်နည်း ဆိုသည်ကို သိရှိရန်လိုအပ်ပေသည်။ ထို့ပြင် ၁၉-၈-၂၀၁၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် Centre of Excellence တက္ကသိုလ်များအကြောင်းကို ဆောင်းပါး ရေးသွင်း ဖော်ပြ လာသောအခါ ၁၉၉၇ ခုနှစ်တွင် မန္တလေးကွန်ပျူတာ တက္ကသိုလ်ကို စတင်ဖွင့်လှစ်စဉ်က ငါးနှစ်မှလေးနှစ်သို့ လျော့ချပြီး ဖွင့်လှစ်ရန် ခေါ်ဆိုစဉ်က ထိုအချိန်က နိုင်ငံပိုင် သတင်းစာများတွင် ငါးနှစ်မှ လေးနှစ်သို့ လျော့ချသော်လည်း စာသင်ချိန်များ ပိုမိုလာကြောင်းကို တွက်ချက်ကာ ဖော်ပြခဲ့ဖူးသည်ကို သတိရ မိပါသည်။ သို့သော် နောက်တစ်နှစ် ၁၉၉၈ တွင်မူ လေးနှစ်မှ သုံးနှစ်သို့လျော့ချခြင်း၊ ၁၉၉၉ ခုနှစ်တွင် အစိုးရ ကွန်ပျူတာကောလိပ်များ ဖွင့်လှစ်ခဲ့ပြီး ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc) နှင့် ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech) များကို သုံးနှစ်ဖြင့် အပ်နှင်းခဲ့သည်ကို သမိုင်းမှတ်တမ်း အဖြစ် ဖျောက်ဖျက်မရဘဲ ရှိနေသည်။ ယခုတစ်ဖန် ယခင်ပုံစံ အတိုင်းပင် တစ်ပုံစံတည်းဖြစ်နေသည်ကို တွေ့ရှိရသည်ဖြစ်ရာ စိတ်ချ ယုံကြည်နိုင်ရန်မှာ အလွန်ပင် ခက်ခဲနေမည် ဖြစ်သည်။

၉။ ထို့အပြင် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် မြောက်များစွားကို နေရာအနှံ့ ဖွင့်လှစ်ခဲ့ခြင်း၏ မူလ ရည်ရွယ်ချက်ကို
ပြည်ထောင် စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက “ယခုအချိန်၌ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုစလုံးတွင် တက္ကသိုလ်၊
နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များကို နိုင်ငံတော် အစိုးရက ဖွင့်လှစ်တည်ထောင် ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဘဏ္ဍာ ငွေကြေးများစွာအကုန်အကျခံပြီး တက္ကသိုလ်/ ကောလိပ်များကို နိုင်ငံတစ်ဝန်း ဖွင့်လှစ်ပေးရသည့် အဓိက ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ နယ်မြေဒေသ အသီးသီးတွင် အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်မှု ရှိစေရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အနှံ့မှ တိုင်းရင်းသားလူငယ်များ အနေဖြင့် မိမိ ရပ်ရွာဒေသအတွင်း၌ပင် မိဘဆွေမျိုးများနှင့် မခွဲမခွာ ပညာ ဆက်လက် ဆည်းပူးနိုင်ကြစေရန် ဖြစ်ပါကြောင်း” ဖြင့် ၂၁-၉-၂၀၁၁ ရက်နေ့က ကျင်းပသော ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၂၂) ရက် မြောက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၁) မှ ဦးအောင်ချစ်လွင်၏ မေးခွန်းကို ပြန်လည် ဖြေကြားခဲ့ရာ ယခု Centre of Excellence ဆောင်ရွက်ချက်သည် ဤ မူလရည်ရွယ်ချက်နှင့် ကိုက်ညီမှု ရှိမရှိကိုလည်း ပြန်လည်ဆန်းစစ် သင့်ပေသည်။

၁၀။ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၁၅-၂-၂၀၁၂) တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦး က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အဆင့်မြင့်ပညာရေး ကဏ္ဍ၏ တက္ကသိုလ်များအား သီးခြားလွတ်လပ်သည့် ကိုယ်ပိုင် စီမံခန့်ခွဲမှု (Autonomony) ရှိသော အစိုးရတစ်ပိုင်း အဖွဲ့အစည်း (Agency) များအဖြစ် ပြောင်းလဲ ဖွဲ့စည်းနိုင်မည့် ဥပဒေ (Statute Law) ပြဋ္ဌာန်းပေးရန် ဤလွှတ်တော်က တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းခဲ့ပြီး ပညာရေးဝန်ကြီးဌာန ဒေါက်တာမြအေးက အဆိုရှင် တင်သွင်းသည့် Statute Law ပြဋ္ဌာန်းရန် အချိန်စောလွန်း သေးပါကြောင်းဖြင့် တင်ပြခဲ့သဖြင့် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲ များသည့်အတွက် အဆိုအတည်မဖြစ်ကြောင်းနှင့် အဆိုတင်သွင်းခြင်းနှင့် ပတ်သက်၍ လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည် ဖြစ်ကြောင်း ဆုံးဖြတ်ခြင်း ခံခဲ့ရခြင်း၊ ကန်ပက်လက်မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက အမျိုးသား တက္ကသိုလ် (National University ) ဥပဒေပြဋ္ဌာန်း တည်ထောင်ဖွင့်လှစ်ရန် အဆိုတင်သွင်းခဲ့သော်လည်း ကန့်ကွက်ဆန္ဒမဲ များသည့်အတွက် အဆို အတည်မဖြစ်ကြောင်းနှင့် လွှတ်တော်က အဆိုကို မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း ဆုံးဖြတ်ခြင်း ခံခဲ့ရခြင်းများ ရှိခဲ့သော်လည်း ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (၁၈) ရက် မြောက်နေ့ (၃၁-၇-၂၀၁၂) တွင် တက္ကသိုလ်ပညာရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦး က ကန့်ကွက် ဆွေးနွေးခဲ့ပြီး ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက ကန့်ကွက်မှုကို ထောက်ခံခဲ့ကာ ကော့မှူး မဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရာတွင်လည်း တက္ကသိုလ်များကို ၀န်ကြီးဌာနများ၏ သြဇာအာဏာ အောက်တွင် ထားရှိခြင်း မရှိမှသာ ခေတ်နှင့် လျော်ညီသော လွပ်လပ်သည့် တက္ကသိုလ်များ ဖြစ်နိုင်ကြောင်း ဆွေးနွေးခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။
ထို့ပြင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်က “၂၀၁၂ ခုနှစ်၊ တက္ကသိုလ် ပညာရေးဥပဒေကြမ်း ဆွေးနွေးခြင်းအား ရွှေ့ဆိုင်းပေးရန်”
အဆိုကို တင်သွင်းခဲ့ရာ ဥပဒေကြမ်း ဆွေးနွေးခြင်းကို ရွှေ့ဆိုင်းခဲ့ပြီး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏
ဆွေးနွေးချက်များအရ ဥပဒေကြမ်း ဆွေးနွေးခြင်းကို ရွှေ့ဆိုင်းပြီး ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနနှင့် စိတ်ဝင်စားသည့် လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းရေးဆွဲကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရန်နှင့် တင်ပြချက်အပေါ်မူတည်ပြီး လွှတ်တော်၏ ဆန္ဒ ရယူ၍ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်ဖြစ်ရာ အဆိုပါ တက္ကသိုလ်ဥပဒေ ပေါ်ထွက်လာပါက လက်ရှိအနေအထားနှင့် မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည်ကိုလည်း ကြိုတင်စဉ်းစားစီစဉ်ထားခြင်း ရှိ၊မရှိ ဆိုသည်ကလည်း အရေးပါပေသည်။

၁၁။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၈-၈-၂၀၁၂)ကမာရွတ်မဲဆန္ဒနယ်မှ ဒေါက်တာစိုးရင်က မြန်မာနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် ဘွဲ့လွန်၊ ဘွဲ့ကြို ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဆောင်များ ဖွင့်လှစ် ထားရှိပြီး အဆောင်နေခွင့် စနစ်ကို ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်အတွက် ဤလွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းရာ ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းက နိုင်ငံတကာ တက္ကသိုလ်များတွင်လည်း တက္ကသိုလ်တိုင်း၌ အဆောင်များ မရှိပါကြောင်း၊ မိမိတို့နိုင်ငံ၌ အဆင်ပြေမည့် တက္ကသိုလ်များတွင် အဆင်ပြေမည့် အချိန်၌ အဆောင်များထားရှိရန် သင့်လျော်ပါကြောင်းဖြင့် ဆွေးနွေးတင်ပြသဖြင့် ယင်းအဆိုအား လွှတ်တော်က မှတ်တမ်းတင်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။
ထိုမျှသာမက ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၆-၈-၂၀၁၂) တွင် မကွေးတိုင်း
ဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ ဦးအောင်ငြိမ်းက “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတစ်ဝန်းလုံး၌ ပညာရေးကဏ္ဍတွင်
ဟန်ချက်ညီစွာ တစ်ပြေးညီ ပညာသင်ကြား လေ့လာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရေး အမျိုးသားရေးတာဝန် အဖြစ်ခံယူပြီး
ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းထားသည်ဖြစ်ရာ ယခု ဆောင်ရွက်ချက်များ သည် ပြည်သူကိုကိုယ်စားပြုသော ပြည်သူ့ကိုယ်စားလှယ်များက လက်ခံနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာလည်း ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။

၁၂။ အဓိကစဉ်းစားရန် လိုအပ်သည့်အချက်မှာ (Centre of Excellence) အဖြစ်ဆောင်ရွက်ခြင်းသည် လုပ်ငန်းစဉ်အားဖြင့် ကောင်းမွန်သည်မှာ မှန်ကန်သော်လည်း မိမိတို့၏ လက်ရှိပကတိ အရှိတရား အခြေအနေကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်နေသည် မှာလည်း အမှန်ပင် ဖြစ်နေသည်မှာ မည်သို့မှ ငြင်းဆို၍ မရခြင်းပင်ဖြစ်သည်။ အဆိုပါတက္ကသိုလ်များတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အရ ကျောင်းသားများကို လက်ခံ ဆောင်ရွက်မည်ဖြစ်သဖြင့် ရပ်ဝေးဒေသမှ ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင် စီစဉ်ပေးနိုင်ခြင်း ရှိမရှိ၊ မည်ကာမတ္တ အဆောင်ပေးခြင်းကိုတော့ မည်သို့မျှ လက်ခံ၍ ရမည်မဟုတ်သော်လည်း လက်ရှိအနေအထားအရ ယခင်ကကဲ့သို့သော ဘော်ဒါဆောင်များ ထားပေးရန်မှာလည်း လွယ်ကူပေမည် မဟုတ်သေးသည်ကိုလည်း လက်ခံရမည်ဖြစ်သည်။ လွှတ်တော်အသီးသီးက ပညာရေး ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ရန် အားသွန်ခွန်စိုက်စီစဉ်နေချိန်တွင် ၀န်ကြီးဌာန အနေဖြင့် မိမိသဘောဆန္ဒ တစ်ခုတည်းဖြင့် ဆောင်ရွက်နေခြင်းမှာလည်း သင့်တော်ခြင်း ရှိ၊ မရှိ စဉ်းစားခြင့်ချိန်ရန်လိုအပ် နေပေသည်။ ရွာလွန်ရွက်တိုက် မဖြစ်စေရန်မှာ ယခုအချိန်တွင် အလွန် အရေးကြီးသော အချိန် ဖြစ်ပေသည်။
၁၃။ Hote News ဂျာနယ် အတွဲ-၃ အမှတ်-၁၀၂ ပါ ဆောင်းပါးရှင် သပြေညို (မိန်းမလှကျွန်း) ၏ သဲထဲရေသွန် ဖြစ်ကြတော့မှာလား
ဆောင်းပါးကလည်း ပညာရေးကိစ္စများကို ဆောင်ရွက်ရာတွင် စဉ်းစားစရာ အချက်များကို ထောက်ပြထားပါသည်။

နိဂုံး
၁၄။ သို့ဖြစ်ရာ ယခု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဆောင်ရွက်မည့် အဆင့်မြင့်တက္ကသိုလ်များ (Centre of Excellence) စီမံကိန်းများ မည်မျှအထိ အောင်မြင်မှု ရရှိမည်ဆိုသည်ကို ယင်းဝန်ကြီးဌာန၏ ယခင်က ဆောင်ရွက်ချက်သမိုင်း မှတ်တမ်းများ၊ လက်ရှိဆောင်ရွက်ချက်များ၊ နောင်ဆောင်ရွက်မည့် အနေအထားများကို အောက်ပါ အခြေအနေများအပေါ်
• သင်ကြားရေးအတွက် ဆရာ၊ ဆရာမအင်လား လုံလောက်နေပြီလား၊ သင်ကြားရန် အသင့်အနေအထားဖြစ်ရဲ့လား။
• သင်ကြားမှုအတွက်လိုအပ်သည့် အထောက်အကူပြုနိုင်မည့် အထောက်အကူပစ္စည်းများ ပြည့်စုံစွာရရှိရန် စီမံထားရှိပြီးပြီလား။
• သင်ကြားရမည့်အကြောင်းအရာ၊ သင်ရိုးများ မည်မျှအထိ ချမှတ်ဆောင်ရွက်ပြီးပြီလဲ။
• မူဝါဒများကော ခိုင်မာစွာချမှတ်မှုရှိသလား။
• သင်ယူမှုအပေါ်သက်ရောက်မှုနှင့် အောင်မြင်မှု မည်မျှရှိနိုင်မည်နည်း။
• စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် မည်သို့ စီမံဆောင်ရွက်ထားသလဲ။
• ရန်ပုံငွေ သုံးစွဲမှုနှင့် ထောက်ပံ့ ဖြည်းဆည်းပေးနိုင်မှုကော သေချာရဲ့လား။
• ယခု ဆောင်ရွက်ချက်သည် ပွဲပြီးမီးသေလား၊ Sustainable ဖြစ်အောင် မည်ကဲ့သို့ဆောင်ရွက်မည်နည်း ဟူသောအချက်များကို
အခြေခံကာ စောင့်ကြည့် လေ့လာရန်သာ ဖြစ်တော့သည်ကို ဖော်ပြလိုက်ရပါသည်။
မူရင်း