အစိုးရနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တို့၏ လာမည့် အင်္ဂါနေ့ မြစ်ကြီးနားမြို့ဆွေးနွေးပွဲ သည် အေးအေးဆေးဆေး အခြေအနေများနှင့် အဆုံးသတ်နိုင်ဖွယ် ရှိနေသည်။
နှစ်ဘက်တွေ့မည့် စီတာပူရပ်ကွက်ရှိ မဂျွယ်ခန်းမတွင် လေအေးစက်များ တပ်ဆင်ရန် အချမ်းသာ ဆုံး မြန်မာ့လုပ်ငန်းရှင်တဦးဖြစ်သည့် ဦးတေဇက အကူအညီပေးထားကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သည့် ဦးစန်းအောင်ထံမှ သိရသည်။“ငြိမ်းချမ်းရေးမှာ အုတ်တချပ် သဲတပွင့်အနေနဲ့ အမှတ်တရလေး သူလှူဒါန်းချင်ပါတယ်ဆိုပြီး လာတယ်၊ ပူတဲ့ အချိန်လည်းဖြစ်နေတော့ ဆွေးနွေးပွဲတွေလည်း တောက်လျှောက် ဒီမှာပဲလုပ်သွားမယ့် အနေ အထားရှိတဲ့အခါကျတော့ အဲယားကွန်းလေး တပ်ပေးတာပါ” ဟု ဦးစန်းအောင်က ဧရာဝတီသို့ ပြော သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းတချို့ ကူညီခြင်းကို ကြိုဆိုကြောင်း၊ ဤအကူအညီများ နှောင်ကြိုးကင်းရန်လည်း လိုအပ်ကြောင်း ဦးစန်းအောင်က ဆိုသည်။
အလှူရှင် ဦးတေဇ
ဦးတေဇသည် ကချင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ပြီးခဲ့သည့် လဆန်းပိုင်းက မြစ်ကြီးနားမြို့ ကျောက် မျက်ဈေးပွဲတော်တွင် တွေ့ဆုံစဉ် ထိုသို့ လှူဒါန်းရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးတေဇထူထောင်ခဲ့သည့် လေကြောင်းလိုင်း၊ ဘဏ်လုပ်ငန်းတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးရန်ပုံငွေအတွက် ကျပ်သိန်းပေါင်း ရာနှင့်ချီ ထည့်ဝင်လှူဒါန်းခဲ့ပြီးဖြစ်သည်။
ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုနှင့် ရင်းနှီးသူဟု ထင်ရှားသည့် ဦးတေဇသည် လုပ်ငန်းမျိုးစုံ လုပ်ကိုင်သူတဦးဖြစ်ပြီး ထိုလုပ်ငန်းများထဲတွင် မြန်မာ့တပ်မတော်အတွက် လက်နက်ဝယ်ယူမှုလည်း ပါဝင်သည်ဟု သတင်းထွက်ခဲ့ဖူးသည်။
ယခု ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖြစ်မြောက်ရေးတွင် ပါဝင်လှူဒါန်းသည့် ဦးတေဇ၏ ရည်ရွယ်ချက်မှန်ကို မသိရှိရသော်လည်း အကောင်းဘက်မှ ရှုမြင်ကြောင်း KIOမှ ဒု ဥက္ကဋ္ဌ ဟောင်း ဒေါက်တာ မနန်တူးဂျာက ပြောသည်။
“ဘယ်အဖွဲ့ အစည်း၊ ဘယ်ကုမ္ပဏီ မဆို တတ်နိုင်ငံတဲ့ ဖက်က ၀င်ရောက်ကူညီတယ် ဆိုတာကတော့ အများ အကျိုးအတွက် ဖြစ်တယ်လို့ မြင်တယ်၊ ငြိမ်းချမ်းရေး ရဖို့ဆိုတာက အားလုံး ညီညီ ညွတ်ညွတ်နဲ့ လုပ်ဆောင်မှပဲ ပိုပြီး မြန်ဆန်နိုင်မယ်” ဟု ဆိုသည်။
ဆွေးနွေးပွဲတက်မည့်သူများ
KIO ကိုယ်စားလှယ်များ တည်းခိုရန် KIO ဆက်ဆံရေးရုံး ဖွင့်ခဲ့သည့် နေရာတွင် ပြင်ဆင်ပေး ထားကြောင်း၊ လာမည့် အင်္ဂါနေ့ မတိုင်ခင် ငြိမ်းချမ်းရေးအကျိုးဆောင်တို့က လိုင်ဇာမြို့အထိ သွားရောက် ကြိုမည်ဖြစ်ကြောင်း သိရသည်။
KIO က အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) မှ ကိုယ်စားလှယ်များကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး မစ္စတာ ဗီဂျေ နမ်ဘီးယားတို့ကို ဆွေးနွေးပွဲ တက်ရန် ဖိတ်ကြားထားသည်။
ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သည့် ဦးစန်းအောင်၏ အဆိုအရ နှစ်ဖက်ကိုယ်စားလှယ်များ က တပ်နေရာချထားရေးနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး အတွက် ရှေ့ လုပ်ဆောင်သွားမည့် ကိစ္စရပ်တို့ကို အဓိက ဆွေးနွေးမည် ဖြစ်ကြောင်း ဆိုသည်။
အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်၊ KIO ဘက်မှ ဦးဆွမ်လွတ်ဂမ်၊ ဗိုလ်ချုပ် ဂွန်မော် စသည့် အထင်ကရ ပုဂ္ဂိုလ်တို့က ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့တို့ကို ဦးဆောင် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ဒုက္ခသည်
နှစ်ဘက် ဆွေးနွေးပွဲမှ ထောင်သောင်းချီဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် အလားအလာကောင်းများ မည်မျှ ထွက်ပေါ်လာမည်ကို မသိရသေးပေ။
ဤတကြိမ်တွင် ဒုက္ခသည်အရေး ထည့်သွင်း ဆွေးနွေးဖွယ်ရှိသည်ဟုလည်း တချို့က ယူဆနေကြသည်။
ဒေါက်တာ မနန်တူးဂျာက ....
“အပစ်အခတ် ရပ်စဲရေးကို ခိုင်ခိုင်မာမာ သဘောတူစေချင်တယ်၊ အဲဒါနဲ့ တဆက်တည်းမှာ စစ်ပြေး စစ်ရှောင်ဒုက္ခသည်တွေကို သူတို့ဒေသကို အမြန်ပြန်နိုင်ဖို့ စီစဉ်ပေးဖို့လိုအပ်တယ်၊ အခု မိုးတွင်းရောက်တော့မယ် စခန်းမှာပဲ ဆက်နေမယ် ဆိုတော့ အများ ကြီး ဒုက္ခရောက်နိုင်တယ်” ဟု ပြောသည်။
ဧရာဝတီblog