Apple ၏ iPad အား အနိုင်ယူနိုင်မည့် Tablet အား ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီပေါင်း များစွာက နှစ်ပေါင်းများစွာကြာ ထုတ်လုပ်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သည်မှာ အားလုံးအမြင်ပင်ဖြစ်သည်။ Asus ၏ Transformer ၊ Samsung ၏ Galaxy Tab ၊ Sony ၏ Xperia tablet များအားလုံးဟာ လွန်စွာမှ ကောင်းမွန်သည့် tablet များ ဖြစ်သော်လည်း အောင်မြင်ကျော်ကြားမှုနှင့် ရောင်းအား အပိုင်းတွင်မူ iPad ကို ယှဉ်နိုင်ခြင်း မရှိခဲ့ပေ။
Microsoft သည်လည်း Surface RT နှင့် Surface Pro စသည့် Windows 8 tablet ၂ ခုဖြင့် tablet တိုက်ပွဲအတွင်းသို့ ခြေစုံပစ်ကာ ဝင်ရောက်လာခဲ့သည်။ Windows 8 သည် ထိတွေ့သုံးစွဲမှုအတွက် အဓိကထား ဖန်တီးတီထွင်ထားခြင်း ဖြစ်သဖြင့် Microsoft ကိုယ်တိုင်ထုတ်လုပ်သည့် Surface tablet များကိုလည်း အောင်မြင်မှု ရရှိမည်ဟု ခန့်မှန်းထားခဲ့ကြသည်။
သို့သော်လည်း Surface RT သည် စွမ်းဆောင်ရည်ပိုင်းတွင် စိတ်ပျက်ဖွယ် ကောင်းလှသဖြင့် ဝေဖန်မှုများ ခံခဲ့ရသည်။ ပိုဆိုးသည်မှာ Windows 8 သုံး အခြားသော hardware ကုမ္ပဏီများနှင့် အငြင်းပွားပြီး ထုတ်လုပ်ထားသည့် Surface RT သည် အခြားသော Windows 8 tablet နှင့် ထိတွေ့မှုသုံး ultrabook များအား မည်သို့မှ မယှဉ်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည်။
ဤအခြေအနေတွင် Microsoft အနေဖြင့် အဆင့်မြင့် Surface Pro tablet ဖြင့် Surface RT ၏ ပြဿနာများအား ဖြေရှင်းသွားရန် ကြိုးပမ်းလာခဲ့သည်။ Tablet များသာမက Ultrabook များကိုပင် ထိပ်တိုက်ရင်ဆိုင်ရန် ဖန်တီးထားတဲ့ စွမ်းရည်မြင့် Surface Pro ရဲ့ စွမ်းဆောင်ရည်ပိုင်းကို လေ့လာကြည့်ရအောင် -
ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ
ဒီဇိုင်းနဲ့ ဖွဲ့စည်းတည်ဆောက်ပုံ အပိုင်းမှာတော့ Surface RT ကော Surface Pro ၂ ခုစလုံးဟာ ဆင်တူပဲ ဖြစ်ပါတယ်။ နည်းပညာလောကမှ ကျွမ်းကျင်သူများကော သုံးစွဲသူများကပါ ကောင်းချီးပေးခြင်း ခံထားရတဲ့ ရင်သပ်ရှုမောဖွယ် ဒီဇိုင်းနဲ့ ဖွဲ့စည်းတည်ဆောင်ပုံကို ပိုင်ဆိုင်ထားပါတယ်။
Surface Pro ဟာ RT ထက် ပိုလေးတယ်ဆိုပေမယ့် Ultrabook တွေနဲ့ ယှဉ်လိုက်ရင်တော့ ပေါ့ပေါ့လေးပါပဲ။ အထူးသဖြင့် ပရော်ဆက်ဆာနဲ့ ဘက္ကထရီတို့ဟာ keyboard အောက်မှာမဟုတ်ပဲ မျက်နှာပြင်ရဲ့ နောက်မှာရှိနေတဲ့အတွက် မိမိရဲ့ ပေါင်ပေါ်တင်ပြီး အသုံးပြုတဲ့အခါမှာ အဆင်ပြေလှပါတယ်။
မျက်နှာပြင်
RT ရဲ့ မျက်နှာပြင်ရဲ့ ပုံထွက်ဟာ 720p HD ဖြစ်ပြီး Pro ရဲ့ ပုံထွက်နှုန်းကတော့ 1080p Full HD ဖြစ်ပါတယ်။ ဒါဟာ ၁၀.၆ လက်မအရွက် မျက်နှာပြင်မှာ လွန်စွာကောင်းမွန်တဲ့ ပုံထွက်သိပ်သည်းဆကို ရရှိထားခြင်းပဲ ဖြစ်ပါတယ်။
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Apple MacBook Pro ရဲ့ Retina မျက်နှာပြင်ရဲ့ ပုံထွက်သိပ်သည်းဆဟာ 220 PPI ရှိပြီး ယခု မျက်နှာပြင် အရွယ်အစား ပိုမိုသေးငယ်တဲ့ Surface Pro ရဲ့ ပုံထွက်သိပ်သည်းဆက အနည်းငယ်သာ လျော့နည်းပြီး 208 PPI ရှိပါတယ်။
အရွယ်အစားခြင်း အနီးစပ်ဆုံး တူညီတဲ့ ၁၁ လက်မအရွယ် MacBook Air ရဲ့ Retina မျက်နှာပြင်နဲ့ ယှဉ်လိုက်ရင်တော့ Surface Pro ရဲ့ မျက်နှာပြင်ဟာ ပုံထွက်ကောင်းမွန်မှုနဲ့ အရောင်အသွေး တောက်ပမှုအပိုင်းမှာ ပိုမိုကောင်းမွန်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
Touch (သို့) Type Keyboard
Surface ဟာ tablet မိသားစုဝင် ဖြစ်ပါတယ်။ ဒါပေမယ့် RT ကော Pro ၂ ခုစလုံးမှာ ပေါင်းစပ်သုံးစွဲနိုင်တဲ့ keyboard တဖြစ်လဲ ကာဗာတွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
ဒီကာဗာကို touch နဲ့ type ဆိုပြီး ၂ မျိုး ၂ စား ထုတ်လုပ်ထားပါတယ်။ Touch ကာဗာကတော့ ခလုတ်တွေရဲ့ဟာ မျက်နှာပြင်ပေါ်မှာ ဖောင်းကြွထားခြင်း မရှိပဲ “ဗြောင်” ပုံစံ ဖြစ်နေပါတယ်။ ပလတ်စတစ်နဲ့ ပြုလုပ်ထားခြင်း ဖြစ်ပေမယ့် သုံးစွဲမှု အပိုင်းမှာတော့ tablet တစ်ခုရဲ့ မျက်နှာပြင်ပေါ်မှာ စာရိုက်ရတာထက် အနည်းငယ်သာ သာလွန်တာကို တွေ့ရှိရပါတယ်။
Type ကာဗာကတော့ ဖောင်းကြွထားတဲ့ key တွေ ပါဝင်လို့ သာမန် ကီးဘုတ်တစ်ခုကို အသုံးပြုနေရသလိုပါပဲ။ လွယ်ကူလျှင်မြန်စွာနဲ့ စာရိုက်နိုင်မှာ ဖြစ်ပါတယ်။
စွမ်းဆောင်ရည်
သာမန် နေ့စဉ်သုံးစွဲမှု အပိုင်းမှာတော့ Surface Pro ဟာ လွန်စွာမှ လျင်မြန်သွက်လက်တယ်လို့ ဆိုနိုင်ပါတယ်။ Intel Core i5 ပရော်ဆက်ဆာနဲ့ 4GB memory ဆိုတာဟာ နေ့စဉ်သုံး tablet တစ်လုံးအတွက် လိုအပ်တာထက် ပိုမိုနေပါတယ်။
RT နဲ့ Pro တို့ရဲ့ အဓိက ကွာခြားချက်ကလည်း စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက် အပိုင်းမှာပဲ ဖြစ်ပါတယ်။ RT အနေနဲ့ app များကိုသာ အသုံးပြုနိုင်တဲ့ အခြေအနေမှာ Pro အနေနဲ့ကတော့ Office တို့ Photoshop တို့လို့ စွမ်းရည်မြင့် software တွေကိုပါ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲရာမှာလည်း အခက်အခဲ မရှိပဲ အဆင်ပြေ ချောမွေ့ပါတယ်။
သို့သော်လည်း ပရော်ဆက်ဆာနဲ့ ပူးတွဲတပ်ဆင်ထားတဲ့ Intel HD Graphics HD4000 GPU ကိုသုံးပြီး ဂရပ်ဖစ်မြင့် ဂိမ်းတွေကို ဆော့ကစားဖို့ကတော့ သိပ်ပြီးမဖြစ်နိုင်ပါဘူး။
လုပ်ဆောင်ချက်များ
ဂိမ်းဆော့တဲ့ အပိုင်းကလွဲလို့ Surface Pro ဟာ သေးငယ်ပေါ့ပါးပြီး စွမ်းရည်မြင့်တဲ့ tablet တစ်ခုပဲ ဖြစ်ပါတယ်။ Mini DisplyPort ကို အသုံးပြုပြီး မော်နီတာတစ်ခုနဲ့ ချိတ်ဆက်အသုံးပြုမယ် ဆိုရင်တော့ သင့်အနေနဲ့ ကောင်းမွန်တဲ့ ကွန်ပြူတာတစ်လုံးကို လက်ဝယ်ရရှိထားသလို ခံစားရမှာ ဖြစ်ပါတယ်။
ထိတွေ့မှုအား အဓိကထားသုံးစွဲဖို့ ဖန်တီးထားတဲ့ Windows 8 ရဲ့ လုပ်ဆောင်ချက်များကို ထင်ရှားစွာ ပြသနိုင်ဖို့အတွက်လည်း Surface Pro မှာ Stylus Pen ကို ထည့်သွင်းပေးထားပါတယ်။
ဘက္ကထရီပိုင်းမှာတော့ အားရစရာ သိပ်မရှိပါဘူး။ ဒါပေမယ့် စိတ်မပျက်ပါနဲ့။ သာမန် ultrabook တစ်လုံးရဲ့ ဘက္ကထရီအားနဲ့ သိပ်ပြီးတော့ ကွားခြားခြင်း မရှိပါဘူး။ လက်တွေ့ စမ်းသပ်မှုအရတော့ စာရိုက်၊ အီးမေးလ်ကြည့်၊ Facebook သုံးမယ်ဆိုရင် အချိန် ၆ နာရီခန့် တာရှည်ခံပြီး Wi-Fi သုံးပြီး streaming ဗီဒီယို ကြည့်မယ်ဆိုရင်တော့ ၄ နာရီနီးပါးသာ တာရှည်ခံမှာ ဖြစ်ပါတယ်။
Surface Pro ကို ဘယ်သွားသွား လွယ်ကူစွာ ယူဆောင်သွားနိုင်ပြီး လွန်စွာအသုံးတည့်သည်မှာ မှန်သော်လည်း အိတ်ထဲတွင် charger ထည့်သွားရန်တော့ လိုအပ်မှာဖြစ်ပါတယ်။
ဈေးနှုန်း
64GB သိုမှီးမှုပမာဏရှိတဲ့ Surface Pro ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၈၉၉ ဖြစ်ပြီး 128GB ဗားရှင်းကတော့ ဒေါ်လာ ၉၉၉ ကျသင့်မှာ ဖြစ်ပါတယ်။
ဒါတောင် tablet သီးသန့်သာဖြစ်ပြီး ကာဗာမပါသေးပါဘူး။ ကာဗာတစ်ခုရဲ့ ဈေးနှုန်းက ဒေါ်လာ ၈၀ ကျသင့်မှာဖြစ်လို့ 128GB Surface Pro ရဲ့ ဈေးနှုန်းဟာ ကာဗာနဲ့ဆိုလျှင် ဒေါ်လာ ၁၁၀၀ နီးပါး ဖြစ်သွားပါပြီ။ ဒါဟာ MacBook တွေနဲ့ ယှဉ်ရင်တော့ များတယ်လို့ မဆိုနိုင်ပေမယ့် အခြားသော ထိပ်တန်း Windows 8 tablet များကို ဒေါ်လာ ၈၀၀ အောက်နဲ့ ဝယ်ယူရရှိနိုင်တာကို ကြည့်ရင်တော့ မတန်လှဘူးလို့ ဆိုနိုင်ပါတယ်။
နိဂုံး
Surface Pro ဟာ စွမ်းဆောင်ရည် အပိုင်းမှာတော့ အနိမ့်စား ultrabook ထက် သာလွန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း ပြောစရာမရှိအောင် ကောင်းမွန်ပါတယ်။ မျက်နှာပြင် ပုံထွက်ဟာလည်း MacBook တွေရဲ့ Retina မျက်နှာပြင်တွေကိုတောင် ယှဉ်နိုင်စွမ်း ရှိနေပါတယ်။
ဒါပေမယ့် ကြီးမြင့်တဲ့ ဈေးနှုန်းကတော့ စားသုံးသူတွေအတွက် ဝယ်ယူဖို့ ဆုံးဖြတ်ရာမှာ ကြီးမားတဲ့ အဟန့်အတားတစ်ခု ဖြစ်နေပါတယ်။ ဈေးကွက်အတွင်းမှာ Surface Pro ထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ပြီး ဈေးနှုန်းလည်း ပိုမိုချိုသာသည့် Ultrabook တွေကော Tablet တွေပါ ရှိနေသေးတယ် ဆိုတာကိုတော့ သတိပြုဖို့ လိုပါလိမ့်မယ်။