Pages

ပုဂံတွင် ကမ္ဘာလှည့်ခရီးသွား နှစ်ဦးထံမှ ပစ္စည်းလုယူမှု ထပ်မံဖြစ်ပွား


ပုဂံယဉ်ကျေးမှု နယ်မြေတွင် ဗြိတိန် နိုင်ငံသား ကမ္ဘာလှည့် ခရီးသွား နှစ်ဦးထံမှ ဆိုင်ကယ်ဖြင့် ပစ္စည်းလုယူ ထွက်ပြေးသော အမှုတစ်ခု ထပ်မံဖြစ်ပွား ခဲ့ကြောင်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ရုံး ဦးစီးမှူး ရဲအုပ်အောင်ကြိုင်က ပြောကြားသည်။
မေလ ၆ ရက် ည ၉ နာရီ အချိန်ခန့်တွင် သရပါ တံခါးမှ ညောင်ဦး ဘက်သို့ ပုဂံမြို့ ဟောင်းလမ်း အတိုင်း စက်ဘီးစီးလာသူ နိုင်ငံခြားသား နှစ်ဦး၏ စက်ဘီးရှေ့ ခြင်းထဲတွင် ထည့်ထားသော အိတ်တစ်လုံးကို ငါးမျက်နှာ ဘုရားရှေ့ အရောက်တွင် ဆိုင်ကယ် စီးလာသူ တစ်ဦးက လုယက်ယူ ထွက်ပြေး ခဲ့သဖြင့် ကင်မရာ အကြီးတစ်လုံး၊ အသေးတစ်လုံး၊ မြန်မာငွေကျပ် တစ်သိန်းခွဲနှင့် အကြွေးဝယ်ကတ် သုံးကတ် ပါသွားကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

"နိုင်ငံခြားသားတွေ ဘက်က အမှုတော့ မဖွင့်ဘူး။ လာအကြောင်း ကြားတယ်။ ပစ္စည်းလုပြီး ထွက်ပြေးတဲ့ သူကို ဖမ်းဆီးဖို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်တုန်းပဲ" ဟု ၄င်းက ဆိုသည်။ ပုဂံဒေသတွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက တစ်ပတ်အတွင်း နိုင်ငံခြားသား များထံမှ လုယက်မှု သုံးကြိမ် ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ကျော်ခန့်က အလိုတော်ပြည့် ဘုရားအနီး စက်ဘီးစီးလာသူ တရုတ် နိုင်ငံသား အမျိုးသမီး တစ်ဦးထံမှ ဆိုင်ကယ် စီးလာသူ တစ်ဦးက လုယက်မှု တစ်ကြိမ်၊ ဝက်ကြီးအင်းရွာနှင့် အလိုတော်ပြည့် ဘုရား အကြားတွင် နိုင်ငံခြားသား တစ်ဦးကို လုယက်ခဲ့မှု တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပုဂံမှ ညောင်ဦး သို့ စက်ဘီးစီးလာသူ ဗြိတိန် နိုင်ငံသား အမျိုးသမီးနှစ်ဦး ထံမှ ဆိုင်ကယ် စီးလာသော လူနှစ်ဦးက လုယက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၄င်းတို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း ညောင်ဦးမြို့နယ် ရဲစခန်းထံမှ သိရသည်။ The voice

ShareThis