ပဋိပက္ခများနှင့် ဆန္ဒထုတ်ဖော်မှု များကို ကိုင်တွယ်တတ်စေရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အဓိကရုဏ်းနှိမ်နင်းရေး သင်တန်းများ ပို့ချရန် မြန်မာအစိုးရက အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂတို့နှင့် ညှိနှိုင်းလျက် ရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။
မေလ ၁၅ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် မဟာစင် မုန်တိုင်း မဝင်ရောက်မီ အစိုးရက ကြိုတင် ပြင်ဆင်ထားမှု သတင်းစာ ရှင်းလင်းပွဲအပြီးတွင် The Voice ၏ မေးမြန်းမှုကို ၄င်းက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"အဓိကရုဏ်း ထိန်းသိမ်းရေးကို ဘယ်စနစ်နဲ့ သင်မှာလဲ၊ မြန်မာနိုင်ငံမှာ သင်တန်းလာလုပ်ပေးမှာလား၊ ပြည်ပသွား သင်ရမလားဆိုတာ ဆွေးနွေးနေတုန်းပဲ ရှိသေးတာ။ မကြာခင်တော့ ဖြစ်မှာပါ" ဟု ၄င်းကဆိုသည်။
အဆိုပါ အဓိကရုဏ်း နှိမ်နင်းရေး သင်တန်းများ စတင်နိုင်မည့် အချိန်ကိုမူ ပြောကြားသွားခြင်းမရှိပေ။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဓိကရုဏ်း ထိန်းသိမ်းနည်း သင်တန်းများ ပို့ချရန် အမေရိကန်အစိုးရနှင့် ဥရောပသမဂ္ဂတို့က ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကတည်းက ကမ်းလှမ်းထားခြင်းဖြစ်သည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံများတွင် အစိုးရနှင့် ပြည်သူလူထုကြား မကြာခဏ ပဋိပက္ခ ဖြစ်လေ့ရှိသောကြောင့် အဆိုပါနိုင်ငံများက သင်တန်းပေးခြင်း ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ ပဋိပက္ခဖြေရှင်းရေး ဆိုင်ရာ ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ဆိုသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက အစိုးရက လက်ပံတောင်းတောင် သပိတ် စခန်းများရှိ ဆန္ဒပြသူများကို ဖြိုခွင်းမှုကြောင့် သံဃာများ ဒဏ်ရာရသဖြင့် ဝေဖန်သူများ ရှိခဲ့သော်လည်း အဆိုပါ ဝေဖန်သူအားလုံးသည် မိတ္ထီလာတွင် ဗုဒ္ဒဘာသာဘုန်းကြီး ဦးသောဘိတ ရက်ရက်စက်စက် နိပ်ဆက်ခံရကာ သေဆုံးခဲ့ဖြင်းအတွက် လုံးဝ ဝေဖန်ခြင်းမရှိခဲ့ကြခြေ။