နိုင်ငံတကာဈေးကွက်တွင် Galaxy S4 နှင့်အပြိုင်ဈေးကွက်ချဲ့ထွင်နေသော HTC One ဟန်းဆက်ကို Stock Android OS ထည့်သွင်းထားသောGoogleEditionအဖြစ်ဆက်လက်ထုတ်လုပ်ဦးမည်ဟုသိရသည်။
4 Megapixels သာပါရှိသော်လည်း ရုပ်ထွက်အရည်အသွေးတွင် iPhone 5 ကိုပင်ယှဉ်နိုင်စွမ်းရှိသော Ultrapixel ကင်မရာနည်းပညာသစ်ပါရှိသည့် HTC One သည် အလွန်အကျူးပြုပြင်ထားသည်ဟု ပညာရှင်အများစုက ယူဆနေသော Sense UI ဖြင့်ထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် လူကြိုက်နည်းနေခြင်းကို ကာမိစေရန် ဤသို့ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။
ထုတ်လုပ်သူများကပြုပြင်မထားသော ပင်ကိုယ် Android OS ကိုသုံးစွဲရသည့်ခံစားချက်ကို ပေးစွမ်းနိုင်မည့် Stock Android သုံး ဟန်းဆက်များကို Google က HTC, Samsung, LG အစရှိသော ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ Nexus ဟန်းဆက်စီးရီးအဖြစ်ထုတ်လုပ်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ Google I/O ညီလာခံတွင် Nexus အသစ်ကို မကြေညာခဲ့ဘဲ Stock Android OS သုံး Galaxy S4 ကိုသာကြေညာသွားခဲ့ကြောင်း သိရသည်။ Galaxy S4 မှာ လက်ရှိတွင် Feature အစုံလင်ဆုံး Android ဖုန်းဖြစ်လျက်ရှိသော်လည်း ၄င်း၏ သွင်ပြင်အများစုမှာ ပြုပြင်ထားသော TouchWiz UI ကြောင့်ဖြစ်ရာ Stock Android 4.2.2 ဖြင့်ထွက်ရှိမည့် Galaxy S4 Google Edition သည် အားသာချက်မရှိလှကြောင်း၊ ကင်မရာပိုင်းကောင်းမွန်၍ အကောင်းစား ဖွဲ့စည်းတည်ဆောက်ပုံရှိသည့် HTC One ကအားသာနိုင်ချေရှိကြောင်း သုံးသပ်သူများက ဆိုသည်။
Galaxy S4 Google Edition ကို လက်ရှိတွင် ဒေါ်လာ ၆၅၀ ဖြင့်အမေရိကန်ပြည်ထောင်စုတွင်ရောင်းချလျက်ရှိသည်။
--
မင်းညီညီချမ်း
DL Tech Club