Pages

အမေရိကန်ပညာရေးနှင့် အစိုးရ၏အခန်းကဏ္ဍ


ပညာရေးပြဿနာ
ပညာရေးဆိုသည်မှာ အစိုးရတစ်ခုတည်းတွင် တာဝန်ရှိသလား ပြန်လည်ဆန်းစစ်ရန် လိုအပ်လာသည်။ အမေရိကန်နိုင်ငံတွင် ပညာရေးကို အစိုးရတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ခဲ့ကြသည်မှာ နှစ်ကာလ များစွာ ကြာခဲ့ပြီဖြစ်သည်။ ၁၇၈၅ ခုနှစ်ကတည်းကThe Land Ordinance ဆိုသည့် ပညာရေးဆိုင်ရာ ဥပဒေတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်ဆိုသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ မထုတ်ပြန်မီကတည်းက ပညာရေးဆိုင်ရာ ဥပဒေတစ်ရပ်ရှိနေသည်ဟု ဆိုရမည်။ ထိုဥပဒေတွင် မိမိတို့ ဒေသဆိုင်ရာနယ်မြေများ အတွင်း၌ အစိုးရကျောင်းများကို ထူထောင်ပြီး ရန်ပုံငွေထောက်ပံ့ပေးရမည်ဟုဆိုထားသည်။

ယခုခေတ်တွင် ပြည်နယ်နှင့် ဒေသဆိုင်ရာအလိုက် ပညာရေးကို အဆင့်တစ်ခုသတ်မှတ်ပြီး ငွေကြေး သုံးစွဲမှုများပြုလုပ်ရာ၌ ယခင်ထက် ပိုမိုသုံးစွဲမှုများ ပြုလာကြောင်းတွေ့ရသည်။ ဥပမာ နိုင်ငံတော်က သတ်မှတ်ပေးထားသည့် ပညာရေး အသုံးစရိတ်၏ ၉ ရာခိုင်နှုန်းခန့်ကို ပြည်နယ်ဒေသများတွင် သုံးစွဲ လာကြသည်။ ထိုသို့သုံးစွဲရာတွင်လည်း
-         ပညာရေးတွင် အားနည်းသည့် နေရာများတွင် ဖြည့်ဆည်းသုံးစွဲရန်
-         ပညာရေးကို ကမ္ဘာ့အဆင့်အတန်းမီ ပညာရေးအဖြစ် ဖော်ဆောင်ရန်
-         သိပ္ဋံပညာကို အလေးပေးသင်ကြားရန်
-         တက္ကသိုလ်ပညာကို လူတိုင်းပိုမိုတက်ရောက်သင်ကြားနိုင်ရန်စသည့် အချက်များကို အဓိက ထားပြီး ဆောင်ရွက်နေကြောင်း တွေ့ရသည်။
ပညာရေးကို လက်ဆင့်ကမ်းအမွေပေးရန်ဆိုသည့် ဦးတည်ချက်တစ်ခုတည်းဖြင့် လုပ်ဆောင်နေခြင်းသည် ခေတ်မမီတော့သည့် အယူအဆ အတွေးအခေါ်ဖြစ်သည်။ ဘိုးဘေးတို့ထားခဲ့သည့်ပညာထက် ပညာသစ်ကို ရှာဖွေရေးသည် အလေးပေးဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ တွေ့ရှိထားသောပညာကို ရှာဖွေခြင်းထက် မတွေ့ရှိရသေးသောပညာများကို ရှာဖွေဖော် ထုတ်နိုင်ခြင်းသည် ပိုပြီးအရေးကြီးသည်။
နိုင်ငံဖွံဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့်မြှင့်တင်လိုသည့် နိုင်ငံတိုင်းတွင် အသိပညာကို လက်ဆင့် ကမ်းရေးထက် မတွေ့ရှိ ရသေးသည့် အသိပညာများကို ရှာဖွေတွေ့ရှိရေးအား အလေးအနက် ဦးစားပေး ဆောင်ရွက်ကြသည်။
မတွေ့ရှိရသေးသော အသိပညာကို ရှာဖွေခြင်းဆိုသည်မှာ သုတေသနလုပ်ငန်းများကို အလေးပေး ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ပညာရှင်များ၏သုတေသနပြုချက်အရ သုတေသနလုပ်ငန်းရပ်များ၌ ကုန်ကျစရိတ်အသုံးသည် ရင်းနှီးမြှုပ်နှံမှု အရပ်ရပ်၏ ၁ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ပါမှ ခေတ်နောက်ကျမှု ဝဲဂယက်မှ အမြန်ဆုံး လွတ်ကင်းနိုင်မည်ဟု ဆိုထားသည်။
အမေရိကန်နိုင်ငံတွင် နှစ်ပါတီအားပြိုင်စနစ်ကို ကျင့်သုံးသဖြင့် ပညာရေးကို အလေးပေးဆောင်ရွက်မှုတွင် ခေတ်နောက်မကျ စေရန် အားထုတ်ကြကြောင်းတွေ့ရသည်။ သို့သော် လူတိုင်းတန်းတူညီမျှ ပညာ သင်ကြားခွင့်ရရေးနှင့် ဆင်းရဲသူများ ပညာသင် ကြားခွင့်ရရေးတို့သည် အထူးအလေးပေး ဆောင်ရွက်ကြ သည့် လုပ်ငန်းများဖြစ်နေကြောင်းကိုလည်းတွေ့ရသည်။ ၁၉၉ဝ ပြည့် နှစ်လောက်ကတည်းက သမ္မတ ဘီလ် ကလင်တန်လက်ထက်တွင် ပညာရေးဆိုင်ရာ အသုံးစရိတ်များကို အထူးအလေးပေး သုံးစွဲလာ ကြောင်းတွေ့ရသည်။
အမေရိကန်ပြည်ထောင်စုတွင် စီးပွားရေးအရ အကျပ်အတည်းနှစ်ရပ်နှင့် ရင်ဆိုင်နေရသည်။ ပထမ အကျပ်အတည်းမှာ ကုန်ထုတ်စွမ်းအားများ ကျဆင်းနေခြင်းဖြစ်ပြီး၊ ဒုတိယအကျပ်အတည်းမှာ ပညာ သင်ကြားခွင့် နည်းပါးလာခြင်းဖြစ်သည်။ ထိုအကြောင်းတရားများက ပညာရေးကိုပါ ရိုက်ခတ်လာသည်ဟု ဆိုရမည်။
ဒုတိယကမ္ဘာစစ်ပြီးချိန်မှသည် ၁၉၇ဝ နှစ်ကာလများအတွင်း တစ်နှစ်လျှင် အလုပ် လုပ်နိုင်သည့်ဦးရေမှာ ၂ ဒသမ ၉ ရာခိုင်နှုန်း ခန့် ပုံမှန်တိုးလာသော်လည်း ကုန်ထုတ်နိုင်စွမ်းမှာ ပျမ်းမျှ ၁ ဒသမ ၁ ရာခိုင်နှုန်းရှိခြင်းကို နှိုင်းယှဉ်ကြည့်နိုင်သည်။ ထိုကျဆင်းနှုန်းကို ပညာရှင်များ အဖြေရှာကြည့်ကြရာတွင် လူသားအရင်းအနှီးကို တိုးတက်ကောင်းမွန်စေရန် ပြုပြင်ခြင်းမှတစ်ပါး အခြားကုစားနည်းမရှိကြောင်း တွေ့ရှိခဲ့ကြသည်။ အထူး သဖြင့် ကျွမ်းကျင်အလုပ်သမားများ မွေးထုတ်ရေးနှင့် အတွေ့အကြုံ ရှိသူများ ပျိုးထောင်ရေးဖြစ်သည်။ ထို့ကြောင့် ပညာရေးနှင့် ပညာပေးရေးသာလျှင် ပြန်လည်ကုစားရေးကို သက်ရောက်စေမည် ဟုမြင်သဖြင့် ပညာရေးကို အလေးထားလုပ်ဆောင်လာကြသည်။
၁၉၇ဝ နောက်ပိုင်းမှစတင်ပြီး အမေရိကန်တွင် ပြုပြင်ပြောင်းလဲမှုများ သိသာစွာပြုလုပ်လာကြောင်း တွေ့ရသည်။ အထူးသဖြင့် နိုင်ငံတော်ရသုံးငွေများအပေါ်တွင် ခွဲဝေသုံးစွဲမှုများ ပြောင်းလဲလာသည်။ ၁၉၇၃ ခုနှစ်လောက်တွင် စီးပွားရေးဦးမော့လာသည် နှင့်အမျှ ပညာသင်ကြားခွင့်များလည်း လမ်းပွင့်လာသည်။
၁၉၈ဝ ပြည့်နှစ်ပိုင်းလောက်တွင် စီးပွားရေးကောင်းလာသောကြောင့် ကောလိပ်တက်နှုန်းတိုးလာပြီး အထက်တန်းကျောင်း ထွက်နှုန်းများလည်း လျှော့နည်းလာသည်။ ထို့ကြောင့် အကျိုးဆက်အနေဖြင့် လုပ်ငန်းခွင်သို့ ပညာတတ်များ ဝင်ရောက်လာသဖြင့် ကုန်ထုတ်စွမ်းအားလည်း မြင့်မားလာသည်ဟု ဆိုရမည်။ ပညာသင်ကြားနိုင်ခွင့်နှင့် ပညာရေးကို အားပေးခြင်းသည် နိုင်ငံအကျိုးစီးပွား တိုးတက်ရာ တိုးတက်ကြောင်းကို ကြံဆောင်ခြင်းဖြစ်ကြောင်းကိုလည်း ကောင်းစွာနားလည်လာကြသည်။ ကောလိပ် ကျောင်းထွက်များကို လစာကောင်းပေးခြင်းသည် ကောလိပ်တက်လာမည့် ကျောင်းသားဦးရေကို တိုးတက် စေရုံမက ကောလိပ်ဘွဲ့မရသေးသည့်သူများကိုလည်း လုပ်ငန်းခွင်တွင် ကန့်သတ်လိုက်သကဲ့သို့ ဖြစ်သွား သည်။
နိုင်ငံတော်၏ မူဝါဒရေးရာ ကိုင်တွယ်သူများနှင့် စီးပွားရေးပညာရှင်များကလည်း ပညာရေးကို ခိုင်မာသည် ထက်ခိုင်မာလာစေရန် ပြုပြင်ပြောင်းလဲလာကြသည်။ အမေရိကန်ပညာရေးကို မည်မျှအတိုင်းအတာအထိ ခိုင်မာစေရန်လုပ်ဆောင်ခဲ့ကြသနည်း။
အမေရိကန်တွင် ကောလိပ်တက်သည့်ဦးရေမှာ ၂ဝ ရာစုအလယ်ပိုင်းလောက်ကတည်းက တိုးတက်များပြား လာသည်။ နိုင်ငံသားတို့၏အခြေခံရပိုင်ခွင့် (GI Bill of Right) အရလည်း ဒုတိယကမ္ဘာစစ်ပြန်များအတွက် ပညာသင်ကြားခွင့် တို့ကို လမ်းဖွင့်ပေးထားသလိုဖြစ်ခဲ့သည်။ စစ်ပြန်တို့ ကျောင်းဆက်တက်ခွင့်ရကြသည်။ လူကုန်တန်များ၊ လူလတ်တန်းစား များသာတက်နိုင်သည့် ကောလိပ်များတွင် ပညာဆက်လက် ရှာမှီးခွင့်ရ ကြခြင်းဖြစ်သည်။ ၁၉၇ဝ ပြည်နှစ်မှသည် ၁၉၈ဝ ပြည့်နှစ်များတွင် အထက်တန်းကျောင်းထွက် ကောလိပ် ပညာသင်ခွင့်အရေအတွက် သိသာစွာတိုးတက်လာခြင်းက အဖြေတစ်ခုကို ထုတ်ပြသလိုဖြစ်ခဲ့သည်။
၁၉၉၄ ခုနှစ်တွင် အမေရိကန်နိုင်ငံကျောင်းသားများ၏ ကျောင်းတက်ချိန်ကို ပြန်လည်သုံးသပ်ကြည့်ရာတွင် ကောလိပ်မတက်မီ အထိ ၁၃ နှစ်ခန့် အချိန်ကုန်ခဲ့ရသည်။ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့နှင့် နှိုင်းယှဉ်လျှင် ကျောင်းတက်နှစ် များသည်ဟုဆိုနိုင်သည်။ စင်ကာပူထက်လည်း ကျောင်းတက်နှစ်များနေပြီး ဖွံဖြိုးမှု နောက်ကျနေသည့်နိုင်ငံများထက် အနည်းငယ်သာသည့်အဆင့်လောက်သာဖြစ်ခဲ့သည်။
၁၉၉၄-၁၉၉၅ ခုနှစ် သင်္ချာနှင့်သိပ္ပံဘာသာရပ်တို့တွင် ကမ္ဘာနှင့်ယှဉ်ကြည့်ပါက အမေရိကန်သည် သင်္ချာတွင် အဆင့် ၂၈ ချိတ်ပြီး စင်ကာပူ၊ တောင်ကိုရီးယား၊ ဘူလ်ဂေးရီးယား၊ ရုရှားနှင့် ဖွံဖြိုးတိုးတက်သည့် အခြား နိုင်ငံများ နောက်သို့ပင် ရောက်နေသည်။ သိပ္ပံဘာသာရပ်တွင်လည်း ကမ္ဘာ့အဆင့် ၁၇ သာရှိခဲ့သည်။ ပညာရေးတွင် တန်းတူညီမျှ သင်ကြားခွင့် မရခဲ့ခြင်းသည် ကမ္ဘာ့အဆင့်နောက်တွင်ရောက်နေရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည်ကိုလည်း သူတို့လေ့လာ သုံးသပ်မိကြသည်။
ပညာရေးတွင် တန်းတူညီမျှ ပညာသင်ကြားခွင့်မရခြင်းသည် မူဝါဒရေးဆွဲသူများကိုပါ စိန်ခေါ်စရာ ဖြစ်လာခဲ့သည်။ စီးပွားရေး မပြေလည်သဖြင့် ကျောင်းမနေနိုင်၊ အထက်တန်းပြီးလျှင်လည်း ကောလိပ် ဆက်မတက်နိုင်သူတွေ ကျေးလက်တွင်သာမက မြို့ပြများတွင်ပါ အမြောက်အမြားရှိနေသေးသည်။ အထက်တန်းကျောင်းပြီးရုံလောက်နှင့် ပညာရေးကို ရပ်ဆိုင်းလိုက်မည်ဆိုပါက လုံလောက်သည့် ပညာရေး သူတို့တွင် မရှိနိုင်။ ပညာမတတ်လျှင် ကျွမ်းကျင်မှုနည်းမည်၊ အလုပ်အကိုင်အခွင့်အလမ်းနည်းမည်။ လုပ်ခ လစာနည်းမည်။ ဆင်းရဲတွင်းပိုနက်ပြီး နိမ့်ကျသည့်ဘဝမှ ရုန်းမထွက်နိုင်သည့်အနေအထားသို့ ရောက်သွား မည်ဖြစ်ကြောင်း အုပ်ချုပ်သူများအပိုင်းက စဉ်းစားကြသည်။
၁၉၈ဝ ပြည့်နှစ်ပိုင်းလောက်တွင် ဆင်းရဲသူများအနေဖြင့် ရသင့်ရထိုက်သည့် လုပ်ခလစာထက် လျှော့နည်း ရယူပြီး လုပ်ကိုင် နေရသည်။ ပညာမတတ်သဖြင့် ပိုက်ဆံမရ၊ ပိုက်ဆံရသင့်သလောက်မရသဖြင့် ပိုပြီး ဆင်းရဲ၊ လုံးလည်ချာလည်လိုက်နေကြရသည့်ခေတ်တစ်ခေတ် အမေရိကန်တွင်လည်းရှိခဲ့ဖူးသည်။
၁၉၈ဝ ပြည့်နှစ်များတွင် ဆင်းရဲသည့်အလုပ်သမားများသည် ရသင့်ရထိုက်သည့် လုပ်ခလစာများထက် လျှော့နည်းပြီးခံစားကြရသည်။ ထိုအချိန်တွင် ကောလိပ်တက်ပြီး စာသင်ရန်ဆိုသည်မှာ သူတို့ဝင်ငွေနှင့် မမျှမတဖြစ်သည်။ ပညာတော်သော်လည်း ငွေကြေးမလိုက်နိုင်သဖြင့် ကျောင်းထွက်လိုက်ရသူတွေ ထိုနှစ်ပိုင်းတွင် များပြားခဲ့သည်။ ချမ်းသာသည့်သားသမီးများ လောက်သာ ပညာကို ဆုံးခမ်းတိုင် သင်နိုင်ရုံမက ပညာတတ်ဖြစ်ပြီးလျှင်လည်း လစာကောင်းကောင်းရကြသည်။
အမေရိကန်ပညာရေးစနစ်တွင် အထက်ပါအချက်များသည် အမြဲစဉ်းစားဖြေရှင်းနေရသည့် ပြဿနာ များဖြစ်သည်။
ပညာရေးအဆောက်အအုံ
အစဉ်အလာအားဖြင့် အလယ်တန်းနှင့် အထက်တန်းပညာရေးကို ဒေသဆိုင်ရာ အာဏာပိုင်များက တာဝန်ယူပေးထားကြသည်။ မိမိတို့ပြည်နယ်အလိုက် ကျောင်းများကို ငွေကြေးထောက်ပံ့ပေးကြသည်။ ထိုထောက်ပံ့ငွေများမှာ ပြည်နယ်အလိုက် ကောက်ခံရရှိသည့် အခွန်ငွေများထဲမှ ထောက်ပံ့ခြင်းဖြစ်သည်။ ဆရာများကို ငှားရမ်းခြင်း၊ သင်ကြားမည့် သင်ရိုးညွှန်းတမ်း များ သတ်မှတ်ခြင်းတို့ကိုလည်း မိမိတို့ ပြည်နယ်အလိုက်သာ သတ်မှတ်လေ့ရှိသည်။
၁၉၄၅ မှ ၁၉၇၂ ခုနှစ်အထိ ပြည်နယ်အလိုက် ပညာရေးအတွက် အသုံးစရိတ်သည် ရရှိသည့်ရန်ပုံငွေ၏ ၃၉ ရာခိုင်နှုန်းခန့်ဖြစ် ကြောင်း တွေ့ရသည်။ ၁၉၇ဝ နှစ်လည်ခန့်တွင် ပြည်နယ်အလိုက် ပညာရေးအသုံးစရိတ် သည် နိုင်ငံတော်ကသတ်မှတ်ပေးသည့် ပညာရေးအသုံးစရိတ်ထက်ပင်များကြောင်း တွေ့ရသည်။ ၁၉၉ဝ ပြည့်နှစ်တွင် ဒေသဆိုင်ရာ ပညာရေးအသုံးစရိတ်သည် နိုင်ငံတော် အသုံးစရိတ်သတ်မှတ်ချက်ထက် ကျော်လွန်ခဲ့သည်။ စုစုပေါင်း ပြည်နယ်အလိုက်ရရှိငွေ၏ ၄၅ ရာခိုင်နှုန်းခန့်အထိ တိုးမြှင့်သုံးစွဲခဲ့ကြခြင်းဖြစ် သည်။
ပြည်နယ်အလိုက် ပညာရေးအတွက် ထောက်ပံ့သည်ဆိုရာတွင် အထူးအစီအစဉ်များ လုပ်ဆောင်ရန် ထောက်ပံ့ခြင်းဖြစ်သည်။ ဥပမာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေးအစီအစဉ်မျိုးဖြစ် သည်။ ထိုစီအစဉ်အတွက် ၁၉၆ဝ၊ ၁၉၇ဝ နှင့် ၁၉၈ဝ ပြည့်နှစ်များတွင် အစိုးရအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် ၁ဝ ရာခိုင်နှုန်းစီ ငွေများကို တိုးမြှင့် သုံးစွဲသွားခဲ့သည်။ ၁၉၈ဝ ပြည့် နှစ်လယ်လောက်မှစတင်ပြီး ၇ ရာခိုင်နှုန်းသို့ ထောက်ပံ့ငွေကျဆင်းသွားသော်လည်း ၁၉၉ဝ ပြည့်နှစ်ခန့်တွင် ပုံမှန်ထောက်ပံ့သည့်အနေအထားသို့ ပြန်ရောက်သွားခဲ့သည်။ ပြည်နယ်အလိုက် ပညာရေးအတွက် သတ်မှတ်ခွဲဝေပေးသည့် ငွေကြေးရန်ပုံငွေများမှာလည်း မတူညီကြပေ။ သို့သော် အနည်းဆုံး ၄ ရာခိုင်နှုန်းမှ သည် အများဆုံး ၁ဝ ရာခိုင်နှုန်းအထိ သုံးစွဲကြောင်းတွေ့ရသည်။
သင်ရိုးညွှန်းတမ်းများကို မိမိတို့ပြည်နယ်အလိုက် သတ်မှတ်ပြဋ္ဌာန်းခွင့်ရရှိကြသဖြင့် ပြည်နယ်တစ်ခုနှင့်တစ်ခု သတ်မှတ် သင်ကြားချက်များ မတူညီကြပေ။ သင်ကြားမည့်ဆရာများကို ခန့်ထားရာတွင်လည်း အနည်းဆုံး တက္ကသိုလ်၊ ကောလိပ်တစ် ခုခု မှဘွဲ့ရပြီးဖြစ်ရမည့်အပြင် မိမိတို့သင်ပြမည့် ဘာသာရပ်အတွက် အထူးပြုဘွဲ့ရရှိခဲ့သူများကိုသာလျှင် သက်ဆိုင်ရာ ဘာသာပြဆရာအဖြစ် သတ်မှတ်လေ့ရှိသည်။
ပြည်နယ်အလိုက် သင်ရိုးများကို ပြဋ္ဌာန်းရာတွင်လည်း မတူညီကြပေ။ ဥပမာ အမေရိကန်သမိုင်းကို ၁၁ တန်းအဆင့်လောက် ရောက်မှ သင်သည့်ပြည်နယ်များရှိသည်။ ထိုအတန်းရောက်မှ ပြဋ္ဌာန်းစာအုပ်ဖြင့် သတ်မှတ်သင်ခြင်းမျိုးဖြစ်သည်။ သို့သော် မည်သည့်စာအုပ်ကို သင်ရမည်ဟု ပုံသေသတ်မှတ်ချက်မရှိ။ မိမိတို့ပြည်နယ်အလိုက် နှစ်သက်သည့် သမိုင်းစာအုပ်ကို ရွေးချယ် ပြဋ္ဌာန်းလေ့ရှိသည်။
ဒေသဆိုင်ရာအလိုက် ကျောင်းများအပေါ်တွင် အုပ်ချုပ်ပုံမှာလည်း ကွာခြားကြသည်။ ပြည်နယ်အလိုက် သူဌေးကြီးများ၏ ထောက်ပံ့ငွေကအရေးပါသဖြင့် ငွေကြေးချမ်းသာသူများမှာ ပညာရေးတွင် အခြားအဖွဲ့ အစည်းများထက် ဩဇာသက်ရောက်မှု ပိုရှိကြသည်။ ဆင်းရဲသည့်ဒေသများတွင် ပညာရေးအတွက် အသုံး စရိတ်သည်၊ ချမ်းသာသည့်ပြည်နယ်ဒေသများမှ ပညာရေး အသုံးစရိတ်ကို မမီနိုင်ပေ။ ချမ်းသာသည့် ဒေသများမှ ပညာရေးအသုံးစရိတ်က ဆင်းရဲသည့်ဒေသများထက် နှစ်ဆ၊ သုံးဆခန့် ပိုမိုကြောင်းတွေ့ ရသည်။
ပြည်နယ်များတွင် အစိုးရအလယ်တန်းနှင့်အထက်တန်းကျောင်းများသို့ တက်ကြသည့် ကျောင်းသားဦးရေ မှာ ၉ဝ ရာခိုင်နှုန်းခန့်ဖြစ်သည်။ ပုဂ္ဂလိကကျောင်းများသို့ သွားတက်သည့်ကျောင်းသားဦးရေ ၁ဝ ရာခိုင်နှုန်း ခန့်မှာလည်း ထက်ဝက် ခန့်သည် ကက်သလစ်ဘာသာရေးအဖွဲ့အစည်းများကဖွင့်လှစ်ထားသည့် ကျောင်းများသို့သွားတက်ကြသည်ကများသည်။
အမေရိကန် အထက်တန်းပညာရေးတွင် ပုဂ္ဂလိကအထက်တန်းကျောင်းများသည် အရေးပါသည့် အခန်း ကဏ္ဍတွင် ရပ်တည် နိုင်ခဲ့ကြောင်းတွေ့ရသည်။ သာမန်ဘွဲ့ရ၊ မာစတာဘွဲ့ရ၊ ဒေါက်တာဘွဲ့ရ  ၃၈ ရာခိုင်နှုန်းသည် ယင်းပုဂ္ဂလိကအထက်တန်း ကျောင်းထွက်များဖြစ်နေကြောင်းကိုလည်းတွေ့ရသည်။ ပထမဘွဲ့ကိုရရှိသည့် ကျောင်းသား ၆ဝ ရာခိုင်နှုန်းကျော်ကျော်မှာ ပုဂ္ဂလိကကျောင်းထွက်များဖြစ်နေသည်။
၁၉၅၇ ခုနှစ်တွင် ဆိုဗီယက်ရုရှားသည် စပွတ်နစ်ဆိုသည့် အာကာသယာဉ်ကို လွှတ်တင်လိုက်သဖြင့် အမေရိကန်တို့ မျက်လုံးမျက်ဆန်ပြူးကုန်ကြသည်။ သိပ္ဋံပညာတွင် မိမိတို့နောက်ကျန်ခဲ့ပြီဆိုခြင်းကို သိလာကြသဖြင့် အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် သင်ကြားနေကြသည့် သင်ရိုးညွှန်းတမ်း ကိုပါ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာခဲ့သည်။
၁၉၉ဝ ပြည့်နှစ်လောက်မှစတင်ပြီး သူတို့ကျောင်းသားများသည် အထက်တန်းအောင်ပြီးသော်လည်း တက္ကသိုလ်ကောလိပ်များ သို့ဆက်မတက်နိုင်ကြောင်းတွေ့မြင်လာကြသည်။ ကျောင်းသားအများစုသည် စားဝတ်နေရေး မပြေလည်သဖြင့် အလုပ်ထွက် လုပ်ကြရသည်။ သို့ဖြစ်ရာ ကောလိပ်ဆက်တက်ရေးကို ပြည်နယ်အလိုက်ဦးစားပေးဆောင်ရွက်ရေးသည် ပြည်နယ် အစိုးရများ၏ တာဝန်တစ်ရပ်ဖြစ်လာသည်။
ထို့ကြောင့် အလုပ်ခွင်နှင့် ပညာရေးကို ပေါင်းစပ်ပေးသည့် ပညာရေးမျိုးကို တီထွင်လာခဲ့သည်။ အထူးသဖြင့် ဂျာမနီနိုင်ငံ ပညာရေးမျိုးဖြစ်သည်။ ပြည်နယ်ဒေသအလိုက် အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် လုပ်ခွင်နှင့်ပညာရေး ပေါင်းစပ်ပေးသည့်စနစ်များကို စတင်သွပ်သွင်းပေးခဲ့ပြီး နောက်ပိုင်းမှ အဆင့်မြှင့်ကာ တိုးတက်သင်ကြားခွင့်များကို မက်လုံး ပေးလာသဖြင့် ပညာရေးကို ပိုပြီးစိတ်ဝင်စားလာကြသည်။
ပြည်နယ်အလိုက် အစိုးရကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများသို့ထောက်ပံ့ငွေသည် ဒေသအလိုက် ကောက်ခံရရှိသည့် အခွန်ငွေနှင့်လည်း သက်ဆိုင်သည်။ အထူးသဖြင့် ပြည်နယ်အလိုက် ကောက်ခံရရှိသည့် အခွန်ငွေထဲမှ အပြည့်အဝထောက်ပံ့ ပေးခြင်းမျိုးဖြစ်သည်။ ထိုသို့ထောက်ပံ့နိုင်ရန်အတွက်လည်း ဒေသဆိုင်ရာပြည်သူများက အခွန်ငွေများကို တိကျစွာပေးဆောင် ကြရပြီး၊ ရရှိသည့် အခွန်ငွေများထဲမှ အချိုးကျ ပညာရေးကို ပြန်သုံးကြရသည်။
၁၉၉၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ စုစုပေါင်းရရှိသည့် အခွန်ငွေများထဲမှ ပညာရေးအတွက် အသုံးစရိတ်သည် ပျမ်းမျှ ၁၄ ဘီလီယံခန့်ရှိသည်။ ပညာရေးအတွက် ငွေကိုတိုးမြှင့်သုံးလိုလျှင် ကောက်ခံငွေကိုလည်း တိုးမြှင့်ရမည်သာဖြစ်သည်။ ဝင်ငွေ တိုးလာမှသာလျှင် ကောက်ခံငွေကိုလည်း တိုးမြှင့်ရမည်ဖြစ်သဖြင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေလစာ တိုးမြင့်ရေးမှာလည်း အရေးကြီးလှသည်။
ပြည်နယ်ဒေသတစ်ခုတွင် နေထိုင်သူများသည် မိမိတို့သားသမီးများအတွက် အပိုကုန်ကျခံကာ ကျူရှင် ထားရသည်ဆိုလျှင် တွက်ခြေကိုက်မည်မဟုတ်ပေ။ ပညာရေးအတွက် မိမိတို့အနေဖြင့် အခွန်ထဲမှလည်း ကျခံရသည်၊ အပိုလည်း စိုက်ထုတ်သုံးရ မည်ဆိုလျှင် နှစ်ခါနာသည့်သဘောဆောင်သွားမည်ဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂလိကကျောင်းများအပေါ် မိမိတို့အခွန်ထဲမှ စိုက်ထုတ်ပေးနေရခြင်းအပေါ် ဝေဖန်သုံးသပ်မှုများ ရှိလာသည်။
ပညာရေးအထောက်အပံ့
အမေရိကန်ပြည်ထောင်စုတွင် အစိုးရကျောင်းများသို့ အထောက်အပံ့ပေးခြင်းမှာ အစဉ်အလာကဲ့သို့ဖြစ်နေ သည်။ အချို့သော ပြည်နယ်များတွင် အစိုးရသည် တက္ကသိုလ်ကောလိပ်များအထိ ထောက်ပံ့ကြေးများ ပေးထားကြသည်။ ဘာသာရေးဆိုင်ရာ ကျောင်းများ၊ ကောလိပ်များသည် ပုဂ္ဂလိကသူဌေးကြီးများ၏ အထောက်အပံ့ဖြင့်လည်း ရပ်တည်နေကြကြောင်းတွေ့ရသည်။
ပညာရေးဆိုသည်မှာ အစိုးရချည်းသက်သက် တာဝန်ယူထားရမည့်ကိစ္စကြီးတစ်ရပ်အနေဖြင့် မှတ်ယူ ထားရမည်မဟုတ်ပေ။ ပိုထူးချွန်ချင်သည့်ကလေးကို ပိုထောက်ပံ့ပေးပြီး၊ ပညာရေးတွင် ပိုအခွင့်အရေး ရစေရန် ကြံဆောင်ခြင်းများလည်း ရှိနိုင်ပေသည်။ ကျောင်းကောင်းတစ်ခုဖြစ်စေရန် သာမန်ရပ်တည်မှု ကြိုးစားအားထုတ်မှုမျိုးဖြင့် သွားနေ၍မဖြစ်ပေ။ သုတေသန လုပ်ငန်းများ၊ ပညာရှင်မွေးထုတ်ရေး အထူးအစီအစဉ်များကို မိမိတို့ကျောင်းအလိုက် သီးခြားလုပ်ဆောင်မည်ဆိုလျှင် သီးခြား ရန်ပုံငွေများ ထူထောင်ပြီး၊ သီးခြားရပ်တည်နိုင်စေရန် ကြိုးစားရပေလိမ့်မည်။
ထိုကျောင်းမျိုးများသည် ပြည်နယ်ဒေသတိုင်းတွင် အထူးအခွင့်ထူးခံကျောင်းများအဖြစ်ရပ်တည်လေ့ရှိပြီး ကုမ္ဋဏီကြီးများ သူဌေးကြီးများ၏ အထောက်အပံ့နှင့် သုတေသနလုပ်ငန်းများကို လုပ်ဆောင်လေ့ရှိသည်။ နည်းပညာရပ်များကို ကျောင်းသား တိုင်းသို့အထောက်အပံ့လည်း ကွာခြားနိုင်ပါသည်။ ထောက်ပံ့နိုင်သည့် ကျောင်းမှ ကျောင်းသားများသည် အထူးအခွင့်အရေးရရှိ သည့်သူများဖြစ်နိုင်သဖြင့် ထိုကျောင်းများသို့ ဝင်ခွင့်ရရေးမှာလည်း အထူးအခွင့်အရေးတစ်ခုဖြစ်နိုင်သည်။
အစိုးရကျောင်းများ၏အောင်မြင်မှုသည် ပုဂ္ဂလိကဘက်မှ မည်မျှထောက်ပံ့ပေးနိုင်သနည်း ဆိုသည့် အချက်အပေါ်တွင်လည်း အခြေခံနေသည်။ ပြင်ပအဖွဲ့အစည်းများ၊ သူဌေးများအထောက်အပံ့ ကောင်းစွာ ရရှိသည့်ကျောင်းများမှာ ဖွံဖြိုးတိုးတက်မှုရှိပြီး အမည်ခံအစိုးရကျောင်းများအပေါ် လွှမ်းမိုးမှုများ ရှိနေမည်သာ ဖြစ်သည်။ ယနေ့ပညာခေတ်သည် စာရေး စာဖတ်တတ်ရုံဆို သည့်အဆင့်ကို ကျော်လွန်တွေးဆသည့်ခေတ် ဖြစ်လာသည်။ အခြေခံ အရေးအဖတ်ကို ။မဖြစ်မနေတတ်မြောက်ရမှန်း လူတိုင်း၏အခြေခံအသိတွင် ရှိပြီးသားဟု မှတ်ယူနိုင်ပါသည်။ အစိုးရအနေဖြင့် စိတ်မပူလျှင်လည်း ကိုယ့်ဘာသာ တာဝန်ယူသည့် အဆင့်များသို့ ရောက်ရှိလာပြီဟုဆိုရမည်။ ပညာရှာမှီးနိုင်သည့် အခွင့်အလမ်းများ ပိုမိုများပြားလာသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
နည်းပညာဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ လူတစ်ဦးချင်း၊ မိသားစုတစ်စုချင်း၏ နည်းပညာအပေါ် ရူးသွပ်မှု၊ သုံးစွဲမှုများသည် ပညာရေးတွင် များစွာအထောက်အကူပြုလာသည်။ သိပ္ပံနှင့် နည်းပညာဖွံဖြိုးရေး ဆိုသည်မှာ နည်းပညာဆိုင်ရာပစ္စည်း များ၏အထောက်အကူကို ယူငင်သုံးစွဲနိုင်ခြင်းနှင့်လည်း သက်ဆိုင် သည်။ အိမ်တိုင်းတွင် ကွန်ပျူတာမှသည် စမတ်ဖုန်းအဆုံး အများဆုံးသုံးလာနိုင်ခြင်း၊ အင်တာနက်ကို တွင်ကျယ်စွာ အသုံးပြုလာခြင်းများသည် ပညာတိုးတက်ရေးအတွက် အထောက်အပံ့များဖြစ်သည်။
အစဉ်အလာပညာရေးသည် ကျောင်းကပေးသမျှသာရသည့်အသွင်ဆောင်လာသည်။ ခေတ်သစ် ပညာရေး သည် လိုသလောက်ရှာဖွေသင်ကြားနိုင်သည့်အဆင့်ဖြစ်လာသည်။ ကျောင်းသို့လွှတ်လိုက်သည့် မိမိတို့ သားသမီးကို ကျောင်းစာ လောက်ဖြင့် တင်းတိမ်မနေသင့်ကြောင်းကို မိဘတွေကလည်း ကောင်းစွာ သိလာကြသည်။ သို့ဖြစ်ရာ ပိုတော်ချင်လျှင်၊ ပိုပြီး ထူးချွန်စေလိုလျှင် ပိုပြီး ရှာဖွေသင်ကြားနိုင်သည့် နေရာကို ပို့ဆောင်ရမည်ဖြစ်သည်။ ခေတ်သစ်တွင် မိမိတို့သားသမီးများ ပညာပိုရရေးအတွက် အထူး တစ်နေရာသို့ ပို့နေစရာမလိုပေ။ ကွန်ပျူတာတစ်လုံးချပေးထားလိုက်လျှင် အားလုံးကိစ္စပြီးနိုင်သဖြင့် မိဘများကိုယ်တိုင် ကိုယ်ထူကိုယ်ထ အိုင်စီတီကို အိမ်များတွင် ထူထောင်တပ်ဆင်ပေးလာကြခြင်းက ပညာရေးဖွံဖြိုး တိုးတက်စေသည့် အထောက်အပံ့ကောင်းများ ဖြစ်လာပါသည်။
အစိုးရအနေဖြင့် ပညာဆက်လက်မသင်ကြားနိုင်သည့်သူများ ပပျောက်စေရန် ချေးငွေစနစ်ဖြင့် အထောက်အပံ့တွေပေးခဲ့သည်။ အဆင့်မြင့်ပညာသင်ကြားရေးအတွက် ချေးငွေစနစ်သည် အမေရိကန် ပြည်ထောင်စုတွင် များစွာအထောက်အကူပြုခဲ့သည်။ အစိုးရကထောက်ပံ့ခြင်းသည် အစိုးရအတွက် ဟုတ်ချင်မှဟုတ်မည်။ သို့သော် အစိုးရသည် အစိုးရကျောင်းများအပေါ်တွင် အထောက်အပံ့ကောင်းစွာ ပေးပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုသကဲ့သို့၊ တက္ကသိုလ်ကောလိပ်အဆင့်တွင်လည်း ပုဂ္ဂလိက၏အခန်း ကဏ္ဍသည် ပိုပြီးအရေးပါလာလာစေရန် အခွင့်အလမ်းများပေးခဲ့သည်။ နိုင်ငံတကာတွင် ပုဂ္ဂလိက ပညာရေး၏အခန်းကဏ္ဍသည် အစိုးရ၏အခန်းကဏ္ဍထက် ပိုပြီးစွမ်းဆောင်နိုင်မှုမှာ အမေရိကန်ထက် သာလွန်သည်ဆိုသည့်အချက်ကိုလည်း အလေးထား စဉ်းစားရမည်ဖြစ်သည်။
ပညာရေးအတွက် အစိုးရကစိုက်ထုတ်ကုန်ကျနေရသည့်အပေါ်တွင် ဝေဖန်ပြစ်တင်မှုများလည်းရှိခဲ့သည်။ သို့သော် မည်သည့် အဆင့်တွင် မထောက်ပံ့ရဆိုသည့်အချက်ကား ကွဲပြားမှုမရှိပေ။ ဥပမာ ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအဆင့်၊ နိုင်ငံတော် အဆင့် မည်သည့်အဆင့်တွင် မထောက်ပံ့ရဆိုသည့် တိကျသောထုတ်ဖော်ပြောဆိုမှုများ မရှိပေ။
အမေရိကန်တွင် နိုင်ငံရပ်ခြားမှ လာရောက်နေထိုင်သူ အများအပြားရှိသည်။ ထိုသူများ၏ပညာရေး သည်လည်း အစိုးရအတွက် ခေါင်းခဲစရာဖြစ်သည်။ ထိုသူများကိုလည်း တန်းတူညီမျှ ပညာသင်ခွင့်ကို ပေးမှသာလျှင် အကျိုးအမြတ်တစ်ခုခုကို ပြန်လည် ရယူနိုင်ပေလိမ့်မည်။ ပညာရေးတွင် တန်းတူညီမျှ မရှိခြင်း၊ ပညာမတတ်သူပေါများသည့် အဖွဲ့အစည်းတစ်ခုသည် ပြဿနာ အများဆုံးရှာနိုင်သည့် နေရာ တစ်နေရာဖြစ်ကြောင်းကိုလည်း အစိုးရများက သတိပြုမိကြသည်။ သို့ဖြစ်ရာ အစိုးရအစီအစဉ်ဖြင့် ပညာရေးမြှင့်တင်မှုသည် လိုအပ်နေဦးမည်သာဖြစ်သည်။
လူတစ်ဦးချင်း ဝင်ငွေတိုးတက်မှ ပညာသင်ကြားခြင်းကို စိတ်ဝင်စားကြမည်။ ဝင်ငွေတိုးတက်ရေးအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်မှာလည်း အစိုးရတွင် တာဝန်ရှိနေပြန်သည်။ ထို့ကြောင့် အစိုးရနှင့် ပညာရေးသီးခြားခွဲထုတ်ရန်ဆိုသည်မှာ လည်း လက်တွေ့တွင် မဖြစ်နိုင်သေးသည့် အနေအထားတွင် ရှိနေသည်။
ပညာရေးမူဝါဒ
ပညာရေးအတွက် ပညာတတ်လောကနှင့် နိုင်ငံရေးလောကမှ အထူးစိတ်ဝင်စားစွာဖြင့် ဆွေးနွေးစရာ ဖြစ်နေခဲ့ပါသည်။ ပညာသင်ကြားရေး၊ ငွေရေးကြေးရေး၊ ပညာသင်ကြားခွင့် တန်းတူညီမျှမရသည့်အရေးများ သည် ဆွေးနွေးစရာများ ဖြစ်ပါ သည်။
ပညာရေးဆိုသည်မှာ တစ်ဦးချင်း ကျွမ်းကျင်မှုရှိရေးနှင့် လုပ်ခအလုံအလောက်ရရှိရေးတို့သည် ဆွေးနွေး ငြင်းခုန်စရာများ ဖြစ်နေခဲ့ပါသည်။ လူသားကို အရင်းအနှီးတစ်ခုကဲ့သို့သဘောထားလျှင် လူသားကို ရင်းနှီးမြှုပ်နှံမှုလုပ်ရမည့် လုပ်ငန်းတစ်ခု ဖြစ်သည်။ ပိုပြီးရင်းနှီးမြှုပ်နှံမှုလုပ်နိုင်လေ ကုန်ထုတ်လုပ်ငန်း အတွက် ပိုပြီးအကျိုးရှိလေဖြစ်သည်။ ပညာရေးတွင် လူသားကို ရင်းနှီးမြှုပ်နှံခြင်းသည် ကျွမ်းကျင်သူများ မွေးထုတ်ရန်နှင့် ထိုကျွမ်းကျင်သူများကို လုံလောက်သည့်ထောက်ပံ့မှုများပေးနိုင်ရ မည်ဆိုသည့် အချက်များကိုလည်း ဆက်စပ်စဉ်းစားရပေလိမ့်မည်။
ပညာရေးတွင် လူသားကို ရင်းနှီးမြှုပ်နှံခြင်းဆိုသည်မှာ
-         လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ရန်
-         အမိန့်နာခံတတ်စေရန်
-         ညွှန်ကြားချက်အတိုင်း လိုက်နာတတ်စေရန်
-         အဖွဲ့လိုက် ပူးပေါင်းတတ်စေရန်ဆိုသည့်အချက်များတွင် အလေးထားလုပ်ဆောင်ရပေလိမ့်မည်။
သို့ဖြစ်ရာ ကျောင်းများတွင် ထိုအချက်များကို ဖော်ဆောင်နိုင်ရန် အခြေခံအနေဖြင့် ချမှတ်ပြီးသားဖြစ်နေရ မည်။ ကျောင်းသို့ရောက်လာကြသည့် ကျောင်းသားများအနေဖြင့်လည်း ထိုရည်မှန်းချက်အတိုင်း ပေါက်မြောက်စေရန် မဖော်ဆောင်နိုင်လျှင်  နောက်ကျကျန်နေခဲ့မည်သာဖြစ်သည်။ လုပ်ငန်းခွင်နှင့် အဆင်ပြေစေမည့် ပညာရေးစနစ်ကို အကောင် အထည်မဖော်နိုင်သည့်ပညာရေးစနစ်သည်လည်း ကျဆုံးရမည်သာဖြစ်သည်။
ပညာရေးကို အမြင်ကျယ်စွာဖြင့် ရှုမြင်တတ်ရန်လည်းလိုပါသည်။ အဖွဲ့အစည်းအမြင်နှင့် တစ်ဦးချင်း အကျိုးအမြတ်အမြင်ဟူ၍ နှစ်ပိုင်းရှိပါသည်။ ကျောင်းတက်ခြင်းသည် ပညာတတ်ကြီးဖြစ်ရန်ဆိုသည့် အချက်ထက် လုပ်ငန်းခွင်နှင့် ကုန်ထုတ်လုပ်မှုကို အထောက်အကူဖြစ်ရမည်ဆိုသည့် ကျယ်ပြန့်သော အမြင်မျိုးရှိစေရန် လေ့ကျင့်ပျိုးထောင်ပေးရမည်။ စာကျက်ပြီး စာမေးပွဲ အောင်ခြင်းသည် ကလေး တစ်ယောက်ကို ဘဝမှန် အဖြစ်မှန်ကို ရင်ဆိုင်စေခြင်းမဟုတ်ကြောင်း ဆရာများ နားလည်သဘော ပေါက်ထားကြရမည်။ အမြင်ကျယ်စေရန်ဆိုသည်မှာ ကြည့်မြင်တတ်စေရန် တံခါးဖွင့်ပေးနိုင်မှုနှင့်လည်း ဆိုင်သည်။ တံခါးဖွင့် ပေးရမည့်သူများကိုယ်တိုင် ချောင်ထဲတွင်ထိုင်နေရခြင်းကို နှစ်သက်နေလျှင်၊ တံခါးဖွင့်ပေးရမည်ကို မေ့နေသူများဖြစ်လျှင် ဆရာများသည် တာဝန်ကျေပွန်သူများ ဖြစ်လာမည်မဟုတ်ပေ။
ပညာရေးဖွံဖြိုးတိုးတက်ခြင်းသည် အားပေးကူညီခြင်းနှင့်လည်း များစွာသက်ဆိုင်သည်။ အားပေးမှုနည်းလျှင် ရလဒ်နည်းပြီး၊ အားပေးမှုကောင်းလျှင် ရလဒ်ကောင်းတတ်သည်။ ဥပမာ ဆွစ်ဇာလန်နိုင်ငံတွင် မူလတန်း ကျောင်းသားတစ်ဦးအတွက် အစိုးရက ထောက်ပံ့ပေးသည့်ငွေသည် ဒေါ်လာ ၅၈၆ဝ နှုန်းဖြစ်ပြီး၊ စပိန်နိုင်ငံက ဒေါ်လာ ၂၅၈ဝ သာအသုံးပြုသဖြင့် ကွာခြားမှု ထက်ဝက်ကျော်ဖြစ်သလို ပညာတတ်မြောက်မှု အဆင့်အတန်းမှာလည်း ထက်ဝက်မက ကွာခြားကြောင်းတွေ့ရသည်။
ပညာရေးတွင် အသုံးစရိတ်ကွာခြားခြင်းသည် ပညာတတ်ရှားပါးခြင်းဖြစ်စေသလို ကျောင်းမပြီးမီ ကျောင်း ထွက်နှုန်းကိုလည်း မြင့်မားစေသဖြင့် ရလဒ်ဆိုးများကိုသာ ရစေသည်။ ထိုပြဿနာကို ကျောင်း အတင်း တက်ခိုင်းခြင်းဖြင့်လည်း ကုစားနိုင်မည် မဟုတ်ပေ။ ထို့ပြင် ပညာရေးအထောက်အပံ့နည်းခြင်းကြောင့် စာသင်ခန်းအရွယ်အစားကို မကန့်သတ်နိုင်ပြန်လျှင်လည်း ထိရောက်မှုနည်းတတ်သည်။ ဆိုလိုသည်မှာ စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသားဦးရေ ၁ဝဝ ခန့်ထည့်သွင်းသင်ကြားနေရ သည့်နိုင်ငံမျိုးတွင် ပညာဖွံဖြိုးရေးကို လုပ်ဆောင်နိုင်ရန် နှေးကွေးနိုင်သည်။
ပညာသင်ကြားရေးတွင် ရလဒ်ကောင်းခြင်းဖြင့်သာ ပိုင်းဖြတ်ရပေလိမ့်မည်။ မတတ်သူများကို မွေးထုတ်ပြီး မသိသည့် နယ်ပယ်တွင် လုပ်ဆောင်စေခြင်းထက်၊ သိနားလည်ပြီး ကျွမ်းကျင်စွာလုပ်ငန်းခွင်ကို ရင်ဆိုင် စေခြင်းက လုပ်ခကြေးငွေ ကိုလည်း အာမခံချက်ရှိစေနိုင်ပါသည်။ သို့ဖြစ်ရာ အထောက်အပံ့ကောင်းကောင်း ဖြင့် လူမှန်နေရာမှန်ရောက်စေခြင်းကလည်း အရေးကြီးပါသည်။
ပညာရေးသုံးသပ်ချက်
၁။ လွန်ခဲ့သည့်နှစ်ပေါင်း ၄ဝ ခန့်အတွင်း အမေရိကန်ပြည်ထောင်စု၏ ပညာရေးအဆောက်အအုံများကို သိသာစွာ ပြုပြင်ပြောင်းလဲခဲ့ကြောင်းတွေ့ရသည်။ ပြည်နယ်အလိုက် ပညာရေးနှင့်ပတ်သက်သည့် အသုံးစရိတ်များကို တိုးမြင့်သုံးစွဲလာကြသည်။ ပြည်နယ်အစိုးရများသာမက နိုင်ငံတော်ကလည်း ထောက်ပံ့ပေးခဲ့မှုများ တိုးမြှင့်လာခဲ့သည်။ အစိုးရထောက်ပံ့ငွေသည် ပြည်နယ်အလိုက် အစိုးရများ၏ ထောက်ပံ့ငွေထက်နည်းသည်ဆိုစေ ပြည်နယ်ဒေသအလိုက် အသုံးစရိတ်အပေါ်မူတည်ပြီး ထောက်ပံ့ လေ့ရှိကြောင်းတွေ့ရသည်။ ပြည်နယ်မှ ကောက်ခံရရှိသည့် အခွန်ငွေအလိုက်ထောက်ပံ့လေ့ရှိသဖြင့် ဖူလုံကာမိသည် ဟုလည်းဆိုနိုင်သည်။ အထူးသဖြင့် အစိုးရကချမှတ်ပေးသည့် ပညာရေးဆိုင်ရာ မူဝါဒများ ကို ဒေသဆိုင်ရာ အာဏာပိုင်များက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းပေးခြင်းသည် အမေရိကန် ပညာရေး၏ ထူးခြားချက်ဟုလည်းဆိုနိုင်သည်။
၂။ ပညာရေးဆိုသည်မှာ အစိုးရတာဝန်ချည်းသက်သက်မဟုတ်သကဲ့သို့၊ အစိုးရအလုပ်ကို ပုဂ္ဂလိက ချုပ်ကိုင်ခွင့်ပေးရန် မဟုတ်ကြောင်းကိုလည်း သတိပြုရမည်။ အလယ်တန်းနှင့် အထက်တန်း အဆင့် ပညာရည် မြင့်မားရေးသည် ဆရာနှင့် မိဘများ အပေါ်တွင် လုံးဝပုံချထားရန်လည်း မဟုတ်ပေ။ အစိုးရ နှင့်ပြည်သူ အားလုံးလက်တွဲကူရေးမူကို ကျင့်သုံးမှသာ အောင်မြင်နိုင် ပေလိမ့်မည်။ မူဝါဒချသူတွေက ချမည်။ အကောင်အထည်ဖော်သူတွေက ဖော်မည်။ ထောက်ပံ့သူတွေက ထောက်ပံ့မည်။ အစိုးရ၊ ပြည်သူ၊ ဆရာဘက်ပေါင်းစုံ ကျားကန်မှသာ အောင်မြင်နိုင်ပေလိမ့်မည်။
၃။ အမေရိကန်ပညာရေးသည် ထိရောက်မှုမရှိကြောင်း၊ မျှတမှုမရှိကြောင်း ဝေဖန်ချက်များရှိပါသည်။ ပညာရေးထိရောက်စေ ရန်အတွက် ဘောက်ချာစနစ်ဖြင့်အကောင်အထည်ဖော်ရန်၊ ပြိုင်ဆိုင်မှုကို အားပေးရန်၊ ဗဟိုချုပ်ကိုင်မှုကို လျှော့ချပေးရန်၊ အစိုးရထမ်းထားသည့် ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်၊ ဆရာနှင့် မိဘများ၏ အခန်းကဏ္ဍကို ကျောင်းများတွင် ပိုပြီးတိုးမြှင့်ပေးရန်၊ အထောက်အပံ့ခံ ကျောင်းများ တွင် တီထွင်ဆန်းသစ်မှုများကို ပိုမိုလုပ်ဆောင်ပေးရန်၊ ကျောင်းကောင်းဖြစ်ရေးနှင့် ဆရာကောင်းရရှိရေးတို့ အတွက် ပြိုင်ဆိုင်ခွင့်ပေးရန်တို့သည် ခေတ်သစ်တောင်းဆိုချက်များဖြစ်သဖြင့် လျစ်လျူမရှုသင့်ပေ။
၎။ များသောအားဖြင့် ဒေသဆိုင်ရာအာဏာပိုင်များ၏ ထောက်ပံ့ငွေသည် ကျောင်းများ၏သုံးစရိတ်ကို ကာမိချင်မှ ကာမိပေ လိမ့်မည်။ ပညာရေးပြုပြင်ပြောင်းလဲသည်ဆိုရာတွင် အမှန်တကယ်အသုံးစရိတ်ကို ကာမိစေရန် ထောက်ပံ့ငွေများကိုလည်း တိုးမြှင့်ပေးရပေလိမ့်မည်။ အစိုးရကျောင်းများကို မကြိုက်သည့် မိဘများသည် မိမိတို့သားသမီးကို ကြိုက်သည့်ကျောင်းတွင် ပြောင်းထားခွင့်ရှိရမည်။ မည်သည့်ကျောင်းတွင် ထားသည်ဖြစ်စေ ရပိုင်ခွင့်များသည် တစ်တန်းတည်း အတူတူဖြစ်ရမည်။
၅။ ပညာရေးဆိုသည်မှာ အနာဂတ်ရပိုင်ခွင့်တစ်ခုတည်းနှင့် တန်ဖိုးဖြတ်ရန်မဟုတ်ပေ။ သို့သော် ပညာရေး အဆင့်အတန်းနှင့် အညီ ရပိုင်ခွင့်တော့ရှိသင့်သည်။ ထိုက်တန်သည့်ရပိုင်ခွင့်ဖြစ်ရန် ထိုက်တန်သည့် ကျွမ်းကျင်တတ်မြောက်သူများကို မွေးထုတ် ပေးရန်လည်းလိုသည်။ မိဘများသည် မိမိတို့သားသမီးများကို ကျောင်းလာပို့ခြင်းသည် အနာဂတ်အတွက် လာရောက်ရင်းနှီး မြှုပ်နှံမှုတစ်ခုဖြစ်သကဲ့သို့ နိုင်ငံတော် အနေဖြင့်လည်း ထပ်မံရင်းနှီးမှုတစ်ခုပြုလိုက်ခြင်းဖြစ်သည်။ အမြင်ကျယ်ကျယ်ဖြင့် အကျယ်မြင်တတ်ရန် လိုပါသည်။
၆။ လက်ရှိအနေအထားတွင် အမေရိကန်နိုင်ငံမှကလေးသူငယ်များသည် ကမ္ဘာ့အဆင့် အရည်အချင်းစစ် စာမေးပွဲများတွင် အခြားနိုင်ငံမှ ကလေးများကို မမီနိုင်သေးပေ။ ထိုသို့မမီနိုင်ခြင်းမှာ ပညာရေးဆိုင်ရာ အသုံးစရိတ်တစ်ခုတည်းကြောင့်ဟု ပိုင်းဖြတ်ရန်လည်း မဖြစ်နိုင်ပေ။ အထူးသုံးငွေများကို အထူးအစီအစဉ် များတွင် လက်တွေ့အသုံးချရန်လိုသေးသည်။ မည်သို့ဆိုစေ ပညာရေးတွင် ရလဒ်ကောင်းရန် အရေးကြီး သည်။ ရလဒ်မကောင်းလျှင် မည်မျှသုံးသည်ဖြစ်စေ အောင်မြင်သည့် ပညာရေးဟု မပြောနိုင်ပေ။
၇။ အစိုးရသည် ပညာရေးဆိုသည် ဝန်ထုပ်ဝန်ပိုးကို နှစ်ကာလရှည်ကြာစွာ ထမ်းရွက်ထားခဲ့ရသည်။ သို့သော် အခြေခံကျသည့် မူလတန်းပညာရေးထက် အလယ်တန်းနှင့် အထက်တန်းပညာရေးတို့တွင်သာ ပံ့ပိုးမှုအားကောင်းလွန်းနေသည်ဟု သုံးသပ်မိ သည်။ ထို့ပြင် အစိုးရသည် တက္ကသိုလ်ကောလိပ်အဆင့် ပညာရေးကို အထောက်အပံ့အားလည်းနည်းနေကြောင်းတွေ့ရသည်။ မိမိတို့ဝင်ငွေဖြင့် မိမိတို့ဘာသာ ရပ်တည်နိုင်လိမ့်မည်ဟု ယူဆသဖြင့် ထောက်ပံ့အားနည်းခဲ့ခြင်းဖြစ်သည်။ ကျောင်းသားများကို ငွေကြေး တိုက်ရိုက်အကူအညီပေးမည့်အစား ချေးငွေစနစ်ကို အစားထိုးဆောင်ရွက်ခြင်းသည် တက္ကသိုလ် ကောလိပ် ပညာသင် ယူနိုင်သူပိုပြီး တိုးပွားလိမ့်မည်ဟုထင်နေသည်။
၈။ ပြည်နယ်အစိုးရများသည် အဆင့်မြင့်ပညာရေးအထောက်အပံ့များကို နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ကြရ သည်။ အမေရိကန်တွင် ချေးငွေအစီအစဉ်ဖြင့် ပညာဆက်သင်ရေးကို အထူးအလေးပေးခဲ့သည်။ တက္ကသိုလ်တက်လျှင်လည်း အခကြေးငွေကုန် ကျမှုများကို ကျောင်းသားများကို လျှော့ပေးမည်ဆိုလျှင် ပိုကောင်းမည်ထင်ပါသည်။ ပညာရေးအတွက် အထောက်အပံ့ကောင်း ကောင်းပေးနိုင်ရန် အခွန် တိုးကောက်မည် ဆိုခြင်းမှာလည်း အဖြေမဟုတ်ကြောင်း သတိပြုရမည်ဖြစ်သည်။ 
Written by မောင်ခေတ်

ShareThis