သန္ဓေတားသောက်ဆေး သောက်ခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးများ
သန္ဓေတား သောက်ဆေးကို အညွှန်းအတိုင်း နေ့စဉ်မှန်မှန် (Sex ကိစ္စ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
သောက်ပေးရပါမယ်) သောက်ပေးရင် အမျိုးသမီး အားလုံးနီးပါး (အမျိုးသမီး ၁၀၀ မှာ တစ်ဦးပဲ ကိုယ်ဝန်ရနိုင်ခြေရှိ) ကို ကိုယ်ဝန်မရရှိအောင် တားဆီး ပေးနိုင်ပါတယ်။ ရရှိနိုင်တဲ့ တခြားကောင်းကျိုးတွေကတော့-
- ရာသီအကြိုနဲ့ ရာသီလာစဉ် ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေတယ်၊
- သားအိမ်ကင်ဆာကို ကာကွယ်ပေးတယ်၊
- အတွင်းပိုင်းရှိ မျိုးဆက်ပွားအင်္ဂါတွေ မရောင်ရမ်းအောင် ကာကွယ်ပေးတယ်၊
- သားဥအိမ်မှာ ရေအိတ်မတည်အောင် ကာကွယ်ပေးနိုင်သလို ရေအိတ်ငယ်တွေ ရှိရင်လည်း ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။
သန္ဓေတားသောက်ဆေး သောက်ခြင်းဖြင့် ရရှိနိုင်သော ဆိုးကျိုးများ
နေ့စဉ် မပျက်မကွက်၊ မမေ့မလျော့ သောက်နေရပါတယ်။ သန္ဓေတားဆေး သောက်သုံးတဲ့ အမျိုးသမီး တချို့မှာ အောက်ပါ ဆိုးကျိုးတွေ ရရှိတတ်ပါတယ်။
- ပျို့ချင်အန်ချင်ဖြစ်တယ်။
- စိတ်ခံစားမှု အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။
- ဝက်ခြံတွေ ပိုဆိုးလာတယ် (တချို့အမျိုးသမီးတွေမှာ ဝက်ခြံသက်သာလာပါတယ်)။
- ကိုယ်အလေးချိန် တက်လာတာ၊ ကျသွားတာ ဖြစ်တတ်တယ်။
- ခေါင်းကိုက်တာနဲ့ ခေါင်းမူးတာ ဖြစ်နိုင်ပါတယ်။ ရာသီလာတဲ့ ပုံစံပြောင်းလဲတာ (ဥပမာ- ရာသီပုံမှန် မလာတာ၊ ရာသီသွေး နည်းသွားတာ၊ ရာသီလာတဲ့ အကြိမ်ရေ ပုံမှန် မဟုတ်တော့တာ) ဖြစ်တတ်ပါတယ်။ ရင်သားတွေ တင်းမာတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)